၂၀၂၄ ခုနှစ်အတွင်း စစ်တပ်ရဲ့ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူ အယောက် ၅၀ ကျော်သေဆုံးဒဏ်ရာရ – NUG

by

in

စစ်ကောင်စီတပ်ရဲ့ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီးအဆင့်ရှိသူ (၅၃) ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း သေဆုံးဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မနေ့တုန်းကပြုလုပ်တဲ့ ပြည်သူနဲ့ နိုင်ငံတကာကို သတင်းစကားပါးတဲ့ မိန့်ခွန်းမှာထည့်ပြောပါတယ်။

“အရင်က မြန်မာ့တပ်မတော်သမိုင်းမှာ မဖြစ်ခဲ့ဖူးတဲ့ကျရှုံးမှု ဆုံးရူံးမှုတွေ ၂၀၂၄ ခုနှစ်မှာ ဖြစ်ခဲ့တယ်ဆိုတာ ဗိုလ်ချုပ်ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှုးကြီးအဆင့် ၅၃ ဦး သေဆုံး ဒဏ်ရာရ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာတွေဟာ ထင်ရှားတဲ့သက်သေ တစ်ခုပါ” လို့ ဦးကျော်ဇောက ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တစ်နှစ်တာ စစ်ရေး စာရင်းချုပ်အရလည်း စစ်ကောင်စီတပ်အရာရှိကြီး (၁၃၅) ဦး သေဆုံးပြီး (၁၂၇) ဦးဒဏ်ရာ ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အယောက် နှစ်သောင်းကျော်လည်း သေဆုံးဒဏ်ရာရခဲ့ပြီး ဒီအင်အားဟာ စစ်ကောင်စီတပ်ရဲ့ တပ်မ (၁၀) ခုကျော် ပမာဏနဲ့ ညီမျှတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက နှိုင်းယှဉ်ပြထားတာပါ။

အခု ၂၀၂၅ ခုနှစ်မှာလည်း တိုင်းရင်းသားမဟာမိတ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ရေးပူးတွဲဆောင်ရွက်မှု ပိုအားကောင်းလာမယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မနေ့တုန်းက ထည့်သွင်းပြောခဲ့ပါတယ်။

‌NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တွေအပါအဝင် ပြည်သူ့ကာကွယ်ရေး တပ်မ‌တော် (PDF) တွေဟာ “လမ်းများအားလုံး နေပြည်တော်သို့” ဆိုတဲ့ မဟာဗျူဟာစီမံချက်အောက်မှာ စစ်ဆင်ရေးတွေအဖြစ် အညာအောင်မြေ၊ ရှမ်းမန်း၊ စစ်တောင်းအလွန်၊ ရိုးမဧရာ၊ ကမ်းခြေ စတဲ့စစ်ဆင်ရေး တွေကို မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့ ပူးတွဲဆောင်ရွက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။