ကိုးကန့် MNDAA က စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ် တရားဝင်လက်မှတ်ထိုးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာ

by

in

တရုတ်၏ဖိအားဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ် အပစ်ရပ်သဘောတူညီချက်ရ၊ ကိုးကန့်တပ်များ လားရှိုးက ပြန်ဆုတ်ရမည်
———————————-
Myanmar Now

တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် မကြာသေးမီက စစ်ကောင်စီကိုယ်စားလှယ်များနှင့် ကိုးကန့် တပ် (MNDAA) တို့ တွေ့ဆုံရာတွင် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဟုခေါ်ကြသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့ တရုတ်နိုင်ငံယူနန်ပြည်နယ်တွင် ခုနှစ်ကြိမ်မြောက်အဖြစ် ဇန်နဝါရီ ၁၈ တွင်တွေ့ဆုံခဲ့ကြပြီး နှစ်ဖက် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း သိရှိရသည်။
တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင် အသေးစိတ်အချက်များမပါရှိသော်လည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ Myanmar Now ၏ သတင်းမြစ်များအရ ရှမ်းပြည်မြောက်ပိုင်း စစ်တပ်၏ အရှေ့မြောက်ပိုင်းစစ်ဌာချုပ်အခြေစိုက်ခဲ့သော လားရှိုးမြို့မှ ကိုးကန့်တပ်များ ယခုနှစ် ဇွန်လတွင် ပြန်လည်ဆုတ်ခွာပေးရမည်ဖြစ်ကြောင်း သိရှိရသည်။
လားရှိုးမှ ကိုးကန့်တပ်များမဆုတ်ခွာပေးပါက ကိုးကန့်တပ်ခေါင်းဆောင်းပိုင်းအား ချေမှုန်းမည်ဟု တရုတ်အာဏာပိုင်််များက ယမန်နှစ်က ခြိမ်းခြောက်ခဲ့ပြီး၊ ကိုးကန့်တပ်ထိန်းချုပ်ဒေသများအားလည်း လောင်စာ၊ ဆေးဝါးနှင့် အစားအသောက်များ မစီးဆင်းနိုင်ရန် တရုတ်က ထိန်းချုပ်ကန့်သတ်ခဲ့သည်။
ယခုအခါ အပစ်အခတ်ရပ်ရေး သဘောတူညီချက်နောက်ဆက်တွဲအနေဖြင့် သံလွင်မြစ်အရှေ.ဖက် တရုတ်မြန်မာနယ်စပ်အနီးတွင်တည်ရှိသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် နယ်နမိတ်စပ်နေသည့် ချင်းရွှေဟောမြို.ရှိ နယ်စပ်ဂိတ် အားတရုတ်အာဏာပိုင်များက ယမန့်နေ့က ဖွင့်ပေးလိုက်သည်။
ထို့ပြင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်၏ ထိန်းချုပ်နယ်မြေနှင့် ကိုးကန့်ဒေသတို့အားဆက်သွယ်ထားသည့် နမ့်တစ်မြို.ရှိ နမ့်တစ်တံတားဂိတ်အားလည်း တရုတ်အာဏာပိုင်များခွင့်ပြုချက်ဖြင့် ဖွင့်ပေးလိုက်ကြောင်း “ဝ” အာဏာပိုင်များက တရားဝင်တရုတ်ဘာသာစကားဖြင့် ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ကိုးကန့်တပ်များဖိအားပေးရန် နည်းလမ်းတစ်ခုအနေဖြင့် တရုတ်အာဏာပိုင်များက ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံတွင် ထိန်းသိမ်းကန့်သတ်ထားခဲ့ပြီး၊ တရုတ်အာဏာပိုင်များက ၎င်းသည် တရုတ်နိုင်ငံတွင် ဆေးကုသနေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ ၎င်းသည် မြန်မာနိုင်ငံဖက်သို့ ပြန်လာခွင့်ရမရ မသိရှိရပေ။

ကိုးကန့် MNDAA က စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ် တရားဝင်လက်မှတ်ထိုးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာ
ရန်ကုန်၊ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုး အပါအဝင် မြို့များစွာ သိမ်းပိုက်ထားသော ကိုးကန့် MNDAA က စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီစာချုပ် တရားဝင်လက်မှတ်ထိုးလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။
မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့က ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး နှစ်နိုင်ငံနယ်စပ်အနီးတွင် တိုက်ပွဲများ ရပ်တန့်သွားသည်ဟု သိရှိရသည်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် နှစ်ဖက် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ထိုသို့ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး၀န ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Mao Ning က ယနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ကြေညာအသိပေးသည်။
“ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေအနေတွေကို အေးချမ်းစေတာက မြန်မာ နိုင်ငံမှာရှိတဲ့ အားလုံးအတွက်၊ ဒေသတွင်းမှာရှိတဲ့ နိုင်ငံအားလုံးရဲ့ ဘုံအကျိုး စီးပွားအတွက်ဖြစ်ပါတယ်။ ဒါက တရုတ်နဲ့ မြန်မာကြား နယ်စပ်ဒေသတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြော သည်။
တရုတ်နိုင်ငံက ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးမှုများကို တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်း ချမ်း ရေး လုပ်ငန်းစဉ်အတွက် ဆက်လက်ပံ့ပိုသွားမည်ဟု တရုတ်က ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးအတွက် MNDAA က လားရှိုး၊ လောက်ကိုင် အပါအဝင် ရှမ်း မြောက်ဒေသတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။