ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်း စက်ရုံကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အရာရှိ နှင့် စစ်သည် ၉ ဦး သေဆုံးသည့် အပြင် လက်နက်စက်ရုံအဆောင် ၃ ခုနှင့် စတိုရုံ ၁ ခု ပျက်စီးဟုဆို (ရုပ်/သံ)
ရန်ကုန်၊ ဇန်နဝါရီ ၂၀
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်း စက်ရုံကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု စစ်သည် ၉ ဦး သေဆုံးသည့် အပြင် လက် နက် စက်ရုံအဆောင် ၃ ခုနှင့် စတိုရုံ ၁ ခု ပြိုကျပျက်စီးသွားကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ် အချိန်မှ စတင်၍ စစ်ကောင်စီ၏လေတပ်က အားထားရသော မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) အမှတ် ၂၁ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် အဆိုပါ အမှတ် ၂၁ ကပစ စက်ရုံဝင်းအတွင်းမှ စက်ရုံ အမှတ် -106 ၊ စက်ရုံ အမှတ် – 109 နှင့် စက်ရုံ အမှတ် – 201 တို့ကို ပြိုကျခဲ့ပြီး ထုတ်လုပ်ပြီးသော ဗုံးများ ယာယီသိုလှောင်ထားသည့် Technical store ၁ ခုလည်း ပျက်စီးခဲ့ကြောင်း၊ ယန်းချက် ဂိုဒေါင် မီးလောင်ခဲ့ရာ အဆိုပါ မီးမှာ အချိန်အတော်ကြာငြိမ်းမရဘဲ တောက်လျှောက် အတော်ကြာမြင့်စွာလောင်နေခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အရာရှိ ၂ ဦး နှင့် စစ်သည် ၇ ဦး သေဆုံးခဲ့ကြောင်း၊ စစ်သည် ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Eagle Brigade (ANyar Eagle) အဖွဲ့ ၊ ပေါက်တောင်ပိုင်း၊Young Revolution Front ဗိုလ်နားပေါက်အဖွဲ့၊ No More Dictatorship-NMD အဖွဲ့၊ Shadow (Mandalay) အဖွဲ့ ဆိပ်ဖြူ တကိုယ်တော် ကျားဇိုး နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်း ၁၉တပ်ခွဲ ၂ ဘာမထီ အဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့သော ကပစ ၂၁ သည် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် တည်ရှိပြီး စစ်ကောင်စီ ၏ လေတပ်က နိုင်ငံတဝန်းရှိ ပြည်သူလူထုကို ဗုံးကျဲသတ်ဖြတ်ရာတွင် အသုံးပြုသော ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးများ၊ Cluster ဗုံးသီးများ အပါအဝင် တိုက်လေယဥ်သုံး လူသတ် ဗုံး အမျိုးမျိုးကို အဓိက ထုတ်လုပ်ပေးနေသည့်စက်ရုံဖြစ် ကြောင်း သိရှိရသည်။