Updated 11:22 AM, Jan 20, 2025 ရန်ကုန်-ပုသိမ်လမ်းမမှာ ရခိုင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်တဲ့ ခရီးသည်တွေ ပိုစစ်ဆေးခံနေရ

by

in

Updated 11:22 AM, Jan 20, 2025
ရန်ကုန်-ပုသိမ်လမ်းမမှာ ရခိုင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်တဲ့ ခရီးသည်တွေ ပိုစစ်ဆေးခံနေရ
~~~
■ ရန်ကုန်-ပုသိမ်လမ်းမပေါ်မှာ ရခိုင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေကို စစ်ကောင်စီတပ် ဂိတ်စခန်းတွေကနေ ဇန်နဝါရီအစကတည်းက တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ ရှိလာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က မကျီးဇင်ရွာ ရဲကင်းစခန်းနဲ့ စစ်ကောင်စီတပ် ကင်းစခန်းတွေကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်တဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတွေကို စစ်ဆေးတာတွေ ပိုများလာတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းရဲ့ မြို့အဝင် မြို့အထွက် စစ်ဆေးရေးဂိတ်တွေမှာ ရခိုင်ပြည်နဲ့ တနင်္သာရီမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို အဓိက စစ်ဆေးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ဧရာဝတီမှာ AA နဲ့ စစ်တပ် တိုက်ပွဲမဖြစ်ခင်ကတည်းက လူငယ်တွေကို စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး လမ်းပေါ်မှာ လိုက်ဆွဲနေတာ ရှိခဲ့တယ်။ အခု AA နဲ့ စစ်တပ်တိုက်ပွဲလည်းဖြစ်ရော လမ်းပေါ်မှာ မဟုတ်တော့ဘူး။ အိမ်တွေထဲအထိ၊ ကားတွေပေါ်အထိ လူငယ်တွေကို လိုက်ဆွဲနေတာ။ ၁၁ မျဥ်းစောင်းတွေကတော့ ပိုဆိုးတာပေါ့။ ရန်ကုန်ကနေ ပုသိမ်ကိုပြန်လာတာ သုံးရက်ပဲ ရှိသေးတယ်။ ပန်တိုင်ဂိတ်မှာ အရမ်းစစ်တယ်။ ရစ်တယ်။ မြို့ပေါ်မှာလည်း တချို့အုပ်ကြီး (ရပ်ကွက်အုပ်ချုပ်ရေးမှူး) တွေဆို ၁၁ မျဥ်းစောင်းတွေကို လက်မခံဖို့အထိ ပြောထားတာ။ ဧည့်စာရင်း သွားတိုင်လည်း လက်မခံကြဘူး။ ဒါကြောင့် ရခိုင်လူမျိုးတွေ စစ်ရှောင်လာရင် ဒေသခံတွေက လက်မခံရဲဖြစ်နေကြတာ။ အိမ်ရှင်တွေ၊ ဒေသခံတွေက လက်မခံချင်တာ မဟုတ်ဘူး။ စစ်တပ်နဲ့အုပ်ကြီးကို ကြောက်ရလို့။ နောက်ပြီး ၆ မျဥ်းစောင်းတွေကိုလည်း စစ်ဆေးသေးတယ်”
ဒါ့အပြင် ပုသိမ်မြို့နယ်အတွင်းက အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေကြောင့် ပုသိမ်၊ သာပေါင်း၊ ကျုံပျော်၊ ရေကြည်နဲ့ ဘိုကလေး စတဲ့မြို့နယ်တွေမှာ နေထိုင်နေကြတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို မကြာခဏ ဧည့်စာရင်း စစ်ဆေးနေတာကြောင့် စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာပဲ ပုသိမ်၊ ကျုံပျော်၊ သာပေါင်း စတဲ့မြို့နယ်တွေမှာ နေထိုင်တဲ့ ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူ နှစ်ဆယ်ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
၂၀၂၄ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့အထိ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်က စစ်ကောင်စီရဲ့ အရေးပါတဲ့ ဗေဒါဂိတ်၊ ဒေါင့်ချောင်းနဲ့ ဗောဓိစစ်ဆေးရေး ဂိတ်စခန်းတွေအပြင် ပုသိမ်မြို့နယ်က မကျီးဇင်ရွာ ရဲကင်းစခန်းနဲ့ စစ်ကောင်စီတပ် ကင်းစခန်းတွေကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
___
၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ဧရာဝတီတိုင်း မအူပင်မြို့၊ လမ်းမပေါ်တွင် ဖြတ်သန်းသွားသည့် ကားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။ (Citizen Photo)