ရန်ကုန်တိုင်းအတွင်း PDF များ စိမ့်ဝင်လာနိုင်သဖြင့် မြို့နယ်၊ ရပ်ကွက်၊ ဟို တယ်နှင့်တည်းခိုးခန်း၊ အဆောင်များတွင် ဧည့်စာရင်းများ ပိုမိုတင်း ကျပ်နေပြီး စစ်ဘေးရှောင် ပြည်သူများ ရှိလျှင်လည်း သတင်းပေးရန် စစ်တပ်က ညွှန်ကြား

by

in

ရန်ကုန်တိုင်းအတွင်း PDF များ စိမ့်ဝင်လာနိုင်သဖြင့် မြို့နယ်၊ ရပ်ကွက်၊ ဟို တယ်နှင့်တည်းခိုးခန်း၊ အဆောင်များတွင် ဧည့်စာရင်းများ ပိုမိုတင်း ကျပ်နေပြီး စစ်ဘေးရှောင် ပြည်သူများ ရှိလျှင်လည်း သတင်းပေးရန် စစ်တပ်က ညွှန်ကြား
ရန်ကုန်၊ ဩဂုတ် ၂၁

ရန်ကုန်တိုင်းအတွင်းသို့ PDF များ စိမ့်ဝင်နေပြီဆိုသော သတင်းများကြောင့် စစ်ကောင်စီက မြို့နယ်၊ ရပ်ကွက်များ၊ ဟိုတယ်များ၊ တည်းခိုခန်း နှင့် အဆောင်များတွင် ဧည့်စာရင်းများ ပိုမို တင်းကျပ်နေကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၊ ရပ်ကွက်များ၊ တည်း ခိုခန်းများနှင့်ဟိုတယ်များတွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်ဘက်မှ လာရောက်သူများရှိပါက သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် စစ်တပ်ထံသို့ ချက်ချင်းအကြောင်းကြားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
ထို့ပြင် ရပ်ကွက်များတွင် သန်းခေါင်စာရင်း (သို့မဟုတ်) ဧည့်စာရင်းဖြင့် နေ ထိုင် ကြသော ပြည်သူများအနေဖြင့် သန်းခေါင်စာရင်း(သို့မဟုတ်) ဧည့်စာရင်း မိတ္တူကို မိသားစုဓာတ်ပုံ ၂ ပုံနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ မဖြစ်မနေ ပေးပို့ကြရန်၊ ပေးပို့ရန် ပျက်ကွက်ပါက ပျက်ကွက်သူ၏ တာဝန်သာဖြစ် သည်ဟု ခြိမ်းခြောက် ညွှန်ကြားမှုများရှိနေကြောင်း သိရှိရသည်။
“PDF တွေ၊ UG တွေက စိမ့်ဝင်ပြီး အသွင်ယူမယ်။ ပြီးရင် အချိန်တစ်ခုရောက်ရင် ထိုးစစ်တွေရောက်လာရင် စိမ့်ဝင်နေတဲ့သူတွေက ချက်ချင်း PDF အဖြစ် အသွင်ပြောင်းပြီး တိုက်ခိုက်မှုတွေ လုပ်နိုင်လို့ ဧည့်စာရင်းတွေ စစ်ကြဖို့၊ ရပ်ကွက်တွေမှာ လူစာရင်းတွေ စိစစ်ကြဖို့ ညွှန်ကြားချက်တွေ တောက် လျှောက် ရှိနေပါတယ်” ဟု မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယင်းအပြင် ရန်ကုန်တိုင်းအတွင်းတွင် ပုဒ်မ ၅၀၅ ပြစ်မှုရှိခဲ့သူများ၊ CDM ဝန်ထမ်းများ၏ မိသားစုအသိုင်းအ၀ိုင်း၊ NLD ပါတီနှင့်ထောက်ခံသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် မိသားစုဝင်များကိုလည်း ရပ်ကွက်၊ မြို့နယ်တို့က စောင့်ကြည့်ပြီး စစ်တပ်ထံသို့ သတင်းပေးပို့ကြရန်လည်း ညွှန်ကြားမှုများရှိနေကြောင်း သိရှိရသည်။