ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားခြင်း၊ သေဆုံးသူများရှိခြင်းနှင့် မွေးဖွားနှုန်း ကျဆင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ လူဦး ရေ ကျဆင်းသွားပြီး ၅၁ သန်းကျော်သာရှိတော့ဟု မင်းအောင်လှိုင်ပြော

by

in

ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားခြင်း၊ သေဆုံးသူများရှိခြင်းနှင့် မွေးဖွားနှုန်း ကျဆင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ လူဦး ရေ ကျဆင်းသွားပြီး ၅၁ သန်းကျော်သာရှိတော့ဟု မင်းအောင်လှိုင်ပြော
ရန်ကုန်၊ ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားခြင်း၊ သေဆုံးသူများရှိခြင်းနှင့် မွေးဖွားနှုန်းကျဆင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ လူဦးရေ ကျဆင်းသွားပြီး ၅၁ သန်းကျော်သာရှိတော့ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပရန်အတွက် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူခဲ့ကြောင်း၊ ထိုသို့ ကောက်ယူရာတွင် ကောက်ခံရရှိသည့်အချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦးရေအနေဖြင့် ကျဆင်းသွားကြောင်း၊ လူဦးရေ ကျဆင်းရခြင်းမှ​ာ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူ များပြားလာခြင်း၊ အကြောင်းအမျိုးမျိုး ကြောင့် သေဆုံးသူများရှိခြင်းနှင့် မွေးဖွားနှုန်း ကျဆင်းခြင်းတို့ကြောင့် ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
လူဦးရေ ကျဆင်းမှုနှင့်အတူ ပြည်တွင်းလုပ်သားများလည်း ရှားပါးလာနေကြောင်း၊ လူဦးရေ ကျဆင်းမှုကြောင့် ရွေးကောက်ပွဲ ကျင်းပရာတွင်လည်း အတိုင်းအတာတစ်ခုအနေဖြင့် သက်ရောက်မှုများရှိလာနိုင်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်တပ်က အကြမ်း ဖက် ပစ်ခတ် နှိမ်နင်းပြီးနောက် လူငယ်များမှာ လက်နက်ကိုင်လမ်းစဉ်ဖြင့် စစ်အာဏာရှင်ကို ပြန် လည် တိုက်ခိုက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏နယ်မြေများသို့ သွား ရောက်ခဲ့ကြပြီး စစ်အာဏာရှင်လက်အောက်တွင် မနေလိုသော ပြည်သူ များမှာလည်း အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာခဲ့ကြကြောင်း နွေဦးတော် လှန်ရေးစောင့်ကြည့်လေ့လာရေးနှင့် လူ့အခွင့်အရေး အဖွဲ့များက ထုတ်ပြန်ထားသော အစီရင်ခံစာများအရ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်အတွင်း ကိုဗစ်ကပ်ဘေးရောဂါကြောင့် မြန်မာပြည်သူများမှာ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်း၊ အောက်ဆီဂျင်မရရှိခြင်းတို့ကြောင့်လည်း ပြည်သူသောင်းချီ သေဆုံးခဲ့ရကြောင်း CDM ကျန်းမာရေးကွန်ရက်များက ထောက်ပြခဲ့ကြသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး ဧပြီလမှစတင်၍ လစဉ် လူငယ်များကို စစ်မှုထမ်းအဖြစ် ခေါ်ယူခဲ့သောကြောင့် ပြည်တွင်းရှိ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များမှာ အရေအတွက် များစွာဖြင့် ပြည်ပနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာခဲ့ကြကြောင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာမှု အလွန်များပြားကြောင်း ပြည်တွင်းပြည်ပလေ့လာစောင့်ကြည့်ရေးအဖွဲ့များက အစီရင်ခံစာများ ထုတ်ပြန် ပြောဆိုထားသည်။
လက်ရှိ ပြည်တွင်းတွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် စစ်တပ်က ၎င်းတို့ သတ်မှတ်ထားသည့် အရေအတွက် ပြည့်မီခြင်းမရှိသဖြင့် နိုင်ငံတစ်ဝန်းတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ကော့သောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုး၍ ကျေးရွာများမှ လူငယ်များကို လိုက်လံ ဖမ်းဆီးစုဆောင်း လျက်ရှိကြောင်း စုံစမ်းသိရှိထားပြီး အဆိုပါသတင်းများကိုလည်း ရန်ကုန်ခေတ်သစ်က ဆက်တိုက် ဖော်ပြလျက်ရှိသည်။