ပုံမှန် ဓာတ်အား ထုတ်လုပ်နိုင်စွမ်းရဲ့ ထက်ဝက်လောက်ထိ လျော့ကျနေကြောင်း စစ်ကောင်စီ ဝန်ခံ

by

in

ပုံမှန် ဓာတ်အား ထုတ်လုပ်နိုင်စွမ်းရဲ့ ထက်ဝက်လောက်ထိ လျော့ကျနေကြောင်း စစ်ကောင်စီ ဝန်ခံ
-People’s Spring
မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းဟာ ပုံမှန်အောက် ထက်ဝက်လောက် လျော့ကျနေကြောင်း စစ်ကောင်စီ အာဘော် မီဒီယာက ဝန်ခံခဲ့ပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ Global New Light of Myanmar သတင်းဌာနက မြန်မာနိုင်ငံမှာ ဆိုးဆိုးရွားရွား ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပွားနေတဲ့ အကြောင်းကို အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြတဲ့ သတင်းတစ်ခုမှာ ထည့်သွင်း အတည်ပြုထားခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့ သတင်းက ပုပ္ပါး မဂ္ဂါဝပ် ၂၀၀ ဓာတ်အား ထုတ်လုပ်နိုင်မယ့် လေအားလျှပ်စစ် စီမံကိန်းကိစ္စ ရုရှားနဲ့ ဆွေးနွေးနေတဲ့အကြောင်းကို ဖော်ပြထားတာပါ။
စစ်အာဏာသိမ်းမှုအပြီး နိုင်ငံရေး အရှုပ်အထွေးတွေနဲ့ ရုန်းကန်နေရတဲ့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံမှာ သဘာဝ ဓာတ်ငွေ့ ပြတ်တောက်မှုတွေက ဓာတ်အား ထုတ်လုပ်နိုင်စွမ်းကို ပိုမို လျော့ကျသွားစေတယ်လို့ အဲဒီသတင်းထဲမှာ ရေးသားထားပါတယ်။
နိုင်ငံအနှံ့က ဓာတ်အားပေး စက်ရုံတွေ စွမ်းအင်ပြည့် လည်ပတ်နိုင်ရင် ပုံမှန်အားဖြင့် နေ့စဉ်ဓာတ်အား မဂ္ဂါဝပ် ၄၀၀၀ လောက် ထုတ်လုပ်နိုင်ပေမယ့် လက်ရှိမှာတော့ ဓာတ်အား ပမာဏ ၂၂၀၀ မဂ္ဂါဝပ် ဝန်းကျင်ပဲ ထုတ်လုပ်နိုင်တယ်လို့ Global New Light of Myanmarက ဖော်ပြထားခဲ့ပါတယ်။
အဲဒီနေ့စဉ် ထုတ်လုပ်တဲ့ ဓာတ်အားကို ရန်ကုန်တိုင်း ဒေသကြီးအတွက် ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်း ဒေသကြီးအတွက် ၁၇ ရာခိုင်နှုန်း၊ မြို့တော် နေပြည်တော် အပါအဝင် ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအတွက် ၃၅ ရာခိုင်နှုန်း ခွဲတမ်းသတ်မှတ် ဖြန့်ဝေပေးနေတယ်လို့ သတင်းထဲမှာ ပါရှိခဲ့ပါတယ်။
လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော် ရန်ကုန်မှာ နေ့စဉ် ၄ နာရီမီးလာ၊ ၈ နာရီ မီးဖြတ်တဲ့ အလှည့်ကျ ဓာတ်အား ဖြန့်ဝေမှု စနစ်ကို အသုံးပြုနေရပါတယ်။
စစ်ကောင်စီဟာ ဆိုးဆိုးရွားရွား ဓာတ်အားပြတ်တောက်မှုတွေနဲ့ ပတ်သက်လို့ အဓိက အကြောင်းပြချက် နှစ်ခုကို ဆင်ခြေပေးထားခဲ့ပြီး သဘာဝ ဓာတ်ငွေ့ လျော့ကျမှုနဲ့ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရမှု ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေက ဓာတ်အားလိုင်းတွေနဲ့ ဓာတ်အားပေး စက်ရုံတွေကို ဖျက်ဆီးခဲ့တဲ့အတွက် ဓာတ်အား ထုတ်လုပ်နိုင်စွမ်း လျော့ကျတယ်ဆိုတဲ့ အကြောင်းပြချက်ကို ဇန်နဝါရီ ၈ ရက်နေ့တုန်းက Global New Light of Myanmarရဲ့ သတင်းတစ်ခုထဲမှာ ဖော်ပြထားပါတယ်။
၂၃၀ ကေဗွီနဲ့ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းကြီး ၁၄ လိုင်း ဖျက်ဆီးခံရခြင်းက အသားတင် ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏ ၁၀၀၉ မဂ္ဂါဝပ် လျော့နည်းသွားစေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင် သဘာဝဓာတ်ငွေ့ ပြတ်လပ်မှု၊ ရေအားလျှပ်စစ် စီမံကိန်းတစ်ခု ပိတ်ထားရမှုတွေကြောင့် နောက်ထပ် ဓာတ်အား ထုတ်လုပ်နိုင်မှု ၄၃၀ မဂ္ဂါဝပ် ထပ်မံ လျော့ကျသွားတယ်လို့လည်း ဆိုပါတယ်။
အဲဒီ ကြေညာချက်ထဲမှာတော့ တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက် သောင်းကျန်းသူတွေလို့ သုံးနှုန်းထားပြီး ဓာတ်အားလိုင်းတွေ အကြိမ်ကြိမ် ဖျက်ဆီးခံရတယ်လို့ စွပ်စွဲ ဖော်ပြထားခဲ့ပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်တဲ့ ဦးကျော်ဇောကတော့ ဓာတ်အား ပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတာဟာ စစ်ကောင်စီက ကိုယ်ကျိုးစီးပွားကိုပဲ အလေးထားနေပြီး လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ၊ အဆင့်မြှင့်တင်မှုတွေကို မျက်ကွယ်ပြုထားတာကြောင့် မီးတွေပြတ်နေတာလို့တုံ့ပြန် ပြောကြားထားပါတယ်။
နောက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အရပ်သား အစိုးရ လက်ထက်တုန်းက အကောင်အထည် ဖော်ခဲ့တဲ့ ဓာတ်အား စီမံကိန်း အားလုံးကို စစ်ကောင်စီက ဖျက်လိုဖျက်ဆီး ပြုခဲ့ကြောင်းနဲ့ စစ်ကောင်စီကို မယုံလို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အများအပြားဟာ မြန်မာနိုင်ငံကို စွန့်ခွာကုန်ကြောင်းလည်း သူက ထောက်ပြခဲ့ပါတယ်။
သုတေသန ဌာနတစ်ခုဖြစ်တဲ့ BMIကတော့ မြန်မာနိုင်ငံရဲ့ ဓာတ်အား ထုတ်လုပ်မှု ရာခိုင်နှုန်း အများစုဟာ ရေအားလျှပ်စစ်အပေါ် အခြေခံပြီး သဘာဝ ဓာတ်ငွေ့သုံးစွဲမှု အချိုးအစားက ၄၀ ရာခိုင်နှုန်းကျော်သာ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
မနှစ်တုန်းက ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံရဲ့ ဓာတ်အား အကျပ်အတည်းဟာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ဆက်တိုက် ဆိုးရွားလာနေတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီတုန်းက ကမ္ဘာ့ဘဏ်ရဲ့ သုတေသနပြု အစီရင်ခံမှုမှာတော့ သက်တမ်းရင့် ဟောင်းနွမ်းနေတဲ့ ဓာတ်အားပေး စက်ရုံတွေ၊ ဓာတ်ငွေ့ ပြတ်တောက်မှုတွေ၊ ပင်မ ဓာတ်အားလိုင်းတွေ ထိခိုက်ပျက်စီးတာတွေ၊ အပိုပစ္စည်း ရှားပါးတာတွေနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေက ဓာတ်အား ပြဿနာရဲ့ အဓိက အကြောင်းရင်းတွေအဖြစ် ဖော်ပြထားခဲ့ပါတယ်။
ကိုးကား-Reuters
(မီးပြတ်​နေ​တဲ့ စီးပွား​ရေးမြို့​တော် ရန်ကုန်ရဲ့ရပ်ကွက်တစ်ခုကို ဇန်နဝါရီလဆန်းပိုင်းကည
အချိန်မြင်​တွေ့ရမှု ။ဓါတ်ပုံ-People’s Spring )