မုံရွာမြို့ နမခ ဌာနချုပ်ကို ရှော့တိုက်ဒုံး ၄ လုံး၊ ရော့ကတ် အလုံး ၃၀ ဖြင့် တိုက်ခိုက်မှု တိုင်းစစ်ဦးစီးချုပ်၏ PSO ဗိုလ်ကြီး ကောင်းခန့်ဇော် အပါအဝင် ၁၅ ဦး သေဆုံး၊ စစ်သား အလောင်းများကို နမခ စစ်သင်္ချိုင်းနှင့် အလုံတပ်မြို့ သရဏဂုံ သင်္ချိုင်းတွင် သဂြိုလ်

by

in

မုံရွာမြို့ နမခ ဌာနချုပ်ကို ရှော့တိုက်ဒုံး ၄ လုံး၊ ရော့ကတ် အလုံး ၃၀ ဖြင့် တိုက်ခိုက်မှု တိုင်းစစ်ဦးစီးချုပ်၏ PSO ဗိုလ်ကြီး ကောင်းခန့်ဇော် အပါအဝင် ၁၅ ဦး သေဆုံး၊ စစ်သား အလောင်းများကို နမခ စစ်သင်္ချိုင်းနှင့် အလုံတပ်မြို့ သရဏဂုံ သင်္ချိုင်းတွင် သဂြိုလ်
ရန်ကုန်၊ ဇန်ဝါရီ ၁၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၄ လုံး၊ ရော့ကတ် အလုံး ၃၀ ဖြင့် တိုက်ခိုက်မှု တိုင်းစစ်ဦးစီးချုပ်၏ PSO ဗိုလ်ကြီး ကောင်းခန့်ဇော် အပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး စစ်သား အလောင်းများကို နမခ စစ်သင်္ချိုင်းနှင့် အလုံတပ်မြို့ သရဏဂုံ သင်္ချိုင်းတွင် သဂြိုလ်ခဲ့ကြောင်း Chindwin Rocket Brothers -CRB တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်ဝါရီလ ၁၄ ရက်နေ့ ည ၉ နာရီ ၄၇ မိနစ်ခန့်တွင် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာန ချုပ် (နမခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံး၊ ရော့ကတ် အလုံး ၃၀ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း စစ်တိုင်း ရုံးဝန်းအတွင်းရှိ တိုင်းရုံးကြီး၊ တိုင်းမှူးမျိုးမင်းထွေး အိမ်ယာဝန်း ၊ အရာရှိကြီးနေအိမ် ၇ လုံး တန်းဝန်း ၊ ငွေစာရင်းရုံး အနီး၊ စစ်ရေးပြ (ပရိတ်) ကွင်း၊ ဇေယျာသီရိခန်းမအနီး၊ ရိက္ခာဖြန့်ဝေဌာန အနီး၊ ရဟတ်ယာဥ်ကွင်းသစ် Mi-35P ခဲယမ်းသိုလှောင်ရုံအနီး ဂိတ်ကင်းတဲ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ (105 mm M2A1 Howitzer) ပစ်ကွင်း၊ WMA-301 သံချပ်ကာယာဥ် နှင့် Nora B-52 155mm ယာဥ်တင် အမြှောက်ကြီးထားရာ မော်တော်ယာဥ်ရုံ အနီး၊ စစ်သည်နေအိမ် (၆ ခန်းတွဲ) ၊ အဆရ-၁၂ (အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း) စစ်သည်ရိပ်သာ ၁ ဆောင်၊ မဆရ-၇(စစ်မြေပြင်ဆေးတပ်ရင်း) စစ်သည် လူပျိုဆောင် ၊ လစရ-၆(လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း) စစ်သည်ရိပ်သာ ၁ ဆောင် ၊ ထပရ-၉၂၉ (ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်း) ဆန်ပဲ ဂိုဒေါင် နှင့် နမခတပ်နယ် မြောက်ဘက် ၁၂၀မမ (MK-6,MK-II) အထိုင်ကာကင်းစခန်းအနီးတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အဆရ-၁၂ မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၆ ဦးနှင့် တိုင်းစစ်ဦးစီးချုပ် ၏ ကိုယ်ရေးအရာရှိ (PSO) ဗိုလ်ကြီးကောင်းခန့်ဇော် ၊ တပ်ကြတ်ကြီး ၁ ဦး အပါအဝင် ၅ ဦး စုစုပေါင်း ၁၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး မီးလောင်ဒဏ်ရာ၊ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသော စစ် သားများကို ည ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် တပ်တွင်းရှိ သံပြားကာ ကားဖြင့် တပ်မတော်ဆေးရုံ တဆ အမှတ် ၄/၃၀၀ ဆေးရုံနှင့် မုံရွာပြည်သူ့ဆေးရုံကြီးတို့ကို ပို့ဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ၄ ဦးထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။
“အဆောင် ၄ ဆောင် ထိခိုက်ပျက်စီးတယ်။ အတိုအပြတ်၊ မီးလောင်ဒဏ်ရာရတဲ့သူတွေကို တပ်မတော် ဆေးရုံနဲ့ မုံရွာပြည်သူ့ဆေးရုံကြီးကို ပို့ တယ်၊ အဲဒီထဲက ထပ်သေတာရယ်၊ ပွဲချင်းပြီးသေတာ ရယ်ပေါင်းရင် ၁၅ ယောက်ရှိတယ်၊ မုံရွာ ပြည် သူ့ဆေးရုံ အထူးကြပ်မတ်ဆောင်မှာ ကုသနေတဲ့ တိုင်းရုံးက အရေးပေါ် လူနာ တစ်ယောက် ဒီနေ့ (ဇန်နဝါရီလ ၁၇ ရက်) မနက်ပိုင်းမှာ ထပ်သေတယ်၊ မနေ့ကတော့ နမခ စစ်သင်္ချိုင်းနဲ့ အလုံမြို့ သရဏဂုံသင်္ချိုင်းတွေမှ အလောင်း ၁၄ လောင်းသဂြိုလ် တယ်လို့ သိရပါတယ်။ ဒီထက်လည်း ထပ်တိုး သေဆုံးနိုင်မှုရှိပါတယ်” ဟု Chindwin Rocket Brothers -CRB တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B) ဦး ဆောင်၍ မဟာမိတ်အဖွဲ့များ ဖြစ်သော Anonymous Heroes၊ ချိုမိုင်မိုင်(ကနီ) ၊ Advance-47 ၊ Chindwin Brothers ၊ ဗိုလ်မုတ်ဆိတ်တို့ ပူးပေါင်းကာ “ရမခ စစ်ရှုံးပြေး ၊နမခရောက် အရှုံးသမား တိုင်းမှူး ဝက်ဘီလူး မျိုးမင်းထွေးအား ဧည့်ခံကြိုဆို” စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း လေကြောင်းရန်နှင့်လက်နက်ကြီးရန်ကာကွယ်ပေးပါသော NAS-နပ်စ် လေ ကြောင်းရန် နှင့် ရင်းမြစ်ဌာနေကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း Chindwin Rocket Brothers C.R.B က ပြောဆိုထားသည်။
ဓာတ်ပုံ- ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က ပဲခူးတိုင်း၊ နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းတိုက်ပွဲတွင် သေဆုံး သွားသော စစ်သား များကို သဂြိုလ်နေစဉ် (ပုံအဟာင်းဖြစ်သည်)