ပြည်မြို့တွင် တပ်မိသားစု၊ ရဲမိသားစုနှင့် ပျူစောထီးအဖွဲ့ ဝင်များကို စစ်သင်တန်းပေးနေ

by

in

ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်

ပြည်မြို့၊ ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က တပ်မိသားစုဝင်များ၊ ရဲမိသားစုဝင်များနှင့် မြို့ပေါ်ရှိပျူစောထီးအဖွဲ့ဝင်များကို နဝင်းရဲရိပ်သာတွင် စစ်သင်တန်းပေးနေကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များက တောင်ကုတ်-ပန်းတောင်း လမ်းရိုးမပေါ်ရှိ စစ်ကောင်စီ၏ စစ်စခန်းများကို ထိုး စစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် ပြည်မြို့တွင်းရှိ စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့များတွင် ခံစစ်အသင့်ပြင် ဆင်ထားပြီး တပ်မိသားဝင်များနှင့် ရဲမိသားစုဝင်များကိုပါ လုံခြုံရေးယူခိုင်းထားကြောင်း သိရသည်။

“ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးနေတဲ့ နဝင်းရဲရိပ်သာထဲမှာ တပ်မိသားစုဝင်တွေ၊ ရဲမိသားစုဝင်တွေနဲ့ ပျူစောထီး တွေကို စစ်သင်တန်းပေးနေတာ။ ရွှေတောင်ဘက်မှာရှိတဲ့ တပ်ရင်းတွေကိုလည်း ခံစစ် ပြင်ထားတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်ရင်းအချို့တွင် ပြီးခဲ့သည့် ဇန်နဝါရီပထမပတ် အတွင်းကစတင်၍ အရေးပေါ် ကတုတ်ကျင်းများတူးကာ ခံစစ်အခိုင်အမာပြင်ဆင်နေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရွှေတောင်မြို့နယ်အတွင်းရှိ တပ်မ (၆၆) လက်အောက်ခံ ခလရ-၁၄ တပ်ရင်းနှင့် အမတ-၅၀၉ အမြောက်တပ်ရင်းတို့တွင် ဘန်ကာများပါ အခိုင်အမာ တည်ဆောက်နေပြီး အထူး ခံစစ်ပြင်ထားကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

ထို့အပြင် ပန်းတောင်းမြို့နယ်အတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တပ်များတွင် အင်ဂျင်တပ် လေထီး (Paramotor) များ အုပ်ဖွဲ့ရောက်ရှိနေပြီး ပျံသန်းလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ပန်းတောင်းနယ်၊ ဆင်တဲရွာအခြေစိုက် ကပစ (၃)၊ ဥသျှစ်ပင်အခြေစိုက် ကပစ (၉) တပ်တွင် အင်ဂျင်တပ်လေထီးများ ရောက်ရှိနေခြင်းဖြစ်ပြီး ဇန်နဝါရီလ ဒုတိယအပတ်အတွင်းကစတင်ကာ ပျံသန်းလေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-နဝင်းရဲရိပ်သာ(ပုံဟောင်း)

#ပဲခူး #ပြည် #နဝင်းရဲရိပ်သာ #တပ်မိသားစု #ရဲမိသားစု #ပျူစောထီး #စစ်သင်တန်းပေး #Ayeyarwaddy_Times

Continue Reading