ပူတာအိုကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ KPF အသိပေး
ဇန်နဝါရီ ၁၇၊ ၂၀၂၅
ပူတာအိုဒေသမှာ မကြာခင် ရာနှုန်းပြည့် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအားလုံး အထူးသတိပြုပြီး ကြိုတင်ကာကွယ်
ပြင်ဆင်ကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF) က ဇန်နဝါရီ ၁၆ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
ကချင်ပြည်နယ်၊ ပူတာအိုဒေသကို မကြာမီ တိုက်ပွဲဆင်နွှဲသွားမှာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF) က ထုတ်ပြန်ကြေညာလိုက်တာပါ။
ပူတာအိုဒေသမှာ စစ်အာဏာရှင်အုပ်စုနဲ့ အပေါင်းအပါ ဌာနေပြည်သူ့စစ်တပ်ဖွဲ့က ဝါဒဖြန့်နေတဲ့ အခြေအနေ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း သစ္စာစောင့်သိမှုကင်းမဲ့စွာ ဒဏ်ရာရ စစ်သည်တွေကို စွန့်ပစ်ထားခဲ့မှုတွေကိုလည်း KPF က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
“မကြာတော့မည့် အချိန်တွင် မိမိတို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်တို့ အနေဖြင့် ပူတာအိုဒေသကို မလွှဲသာ မရှောင်သာ တိုက်ပွဲဆက်လက်ဆင်နွှဲသွားမည်ဖြစ်ပါသည်”ဟု KPFက ဆိုပါတယ်။
ပူတာအိုဒေသမှာ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် ဒေသခံတွေဟာ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ အခြားသောအထွေထွေ အကျပ်အတည်း ဒုက္ခတွေကိုလည်း ခံစားနေရတာဖြစ်ပါတယ်။
KPF အနေနဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပူတာအိုဒေသကို ရက်ပိုင်းအတွင်းမှာ KIA နဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်သွားတော့မှာဖြစ်တယ်လို့ အသိပေးရေးသားထားပါတယ်။
ပုံစာ- ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPF)