လူကုန်ကူးသတင်းကြီးချိန် မြဝတီနယ်စပ်အနီး ထိုင်းစစ်တပ် အင်အားတိုးကင်းလှည့်
ဧရာဝတီ၊ ဇန်နဝါရီ ၁၆၊ ၂၀၂၅
ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသအတွင်း တရုတ်နိုင်ငံသားများ လူကုန်ကူးခံရမှု ခပ်စိပ်စိပ်ဖြစ်ပေါ်နေစဉ် ထိုင်းဘုရင့်တပ်မတော်အထူးတပ်ဖွဲ့က ဦးဆောင်ပြီး မြဝတီနှင့်နယ်နိမိတ်ထိစပ်နေသည့် မဲဆောက်၊ ထဆောင်ယန်၊ ဖုတ်ဖရ၊ အုန်းဖန်နှင့် မဲရမတ်ဒေသတို့၌ ယနေ့ ကင်းလှည့်နေကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုသည် မူးယစ်ဆေးဝါးသယ်ဆောင်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ လူကုန်ကူးမှု၊ တရားမဝင် လုပ်သားပို့ဆောင်မှုများအား တားဆီးကာကွယ်ရန်ဖြစ်ပြီး တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အစိုးရဌာနဆိုင်ရာများ ပူးပေါင်းလုပ် ဆောင်နေခြင်းဟု သိရသည်။
တရုတ်မင်းသား Xing Xing သည် ဇန်နဝါရီ ၃ ရက်၌ ထိုင်းနိုင်ငံသို့ ဇာတ်ကားရိုက်ကူးရန် လာရောက်စဉ် ထိုင်း-မြန်မာ နယ်စပ်မှတဆင့် မြဝတီမြို့နယ်ဘက်ခြမ်းရှိ အွန်လိုင်းငွေလိမ်းဂိုဏ်(ကျားဖြန့်) တခုထံ လူကုန်ကူးခံခဲ့ရပြီး ဇန်နဝါရီ ၇ ရက်တွင် ၎င်းအား မြန်မာဘက်ခြမ်း၌ ပြန်လည်တွေ့ရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
ထိုဖြစ်ရပ်အပြီး ထိုင်း-မြန်မာနယ်စပ်ဒေသအတွင်း ပျောက်ဆုံး၊ အဆက်အသွယ် ပြတ်တောက်နေသည့် တရုတ်နိုင်ငံသား များ ရှိနေကြောင်း တိုင်ကြားမှုများလာခဲ့ပြီး ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော ယခင်နယ်ခြားစောင့်တပ်(BGF) ဖြစ်သည့် ကရင်အမျိုးသားတပ်မတော်(KNA) ထိန်းချုပ်ဒေသ မြဝတီမြို့နယ်တွင် လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်း များ ဆက်လက်ရပ်တည်နေကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ယမန်နေ့၌ မြဝတီမြို့တွင် BGF/KNA၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) ခေါင်းဆောင်များက ဒေသတွင်းတရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် အရေးပေါ်တွေ့ဆုံကာ လူကုန်ကူးမှု၊ အွန်လိုင်း လိမ်လည်မှု၊ အဓမ္မစေခိုင်းမှု၊ ညှဥ်းပန်းနှိပ်စက်မှု၊ ကလေးလုပ်သားအရေးတို့ကို အဓိကဆွေးနွေးခဲ့ပြီး လိုက်နာမှုမရှိပါက လုပ်ငန်းများပိတ်သိမ်းကာ ဒေသမှနှင်ထုတ်မည်ဟု သတိပေးခဲ့သည်။
ထိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ မစ္စတာရန်စီမန်ရုမ်းကလည်း ထိုင်းနိုင်ငံကို ကြားခံအသုံးချနေသည့် ပြည်ပမှ အွန်လိုင်းလိမ်လည်မှုနှင့် လူကုန်ကူးမှုများအား တိုက်ဖျက်ရေး နယ်စပ်ဒေသတွင် အထူးစောင့်ကြည့်ရေးဇုန်များ ထူထောင်ကာ နယ်စပ်ထိန်းချုပ်မှုကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရန် ဇန်နဝါရီ ၁၄ ၌ အဆိုပြုတိုက်တွန်းခဲ့သည်။
ဓာတ်ပုံ – AEC News