အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၁၂ ဦး အရှင်ဖမ်းမိ၊ လက်နက် ၁၅ နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်း တိုက်ပွဲမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၁၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း Chin Defence Force – Asho တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးကျေးရွာအနီးတွင် အမ်းမြို့နယ်၊ ကြက်ရေစမ်းရွာစခန်းမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦး ကို ချင်းကာ ကွယ်ရေးတပ် – အရှို (CDF – Asho) မှ တားဆီး ပိတ်ဆို့ဖမ်းဆီးခဲ့ရာ အဖမ်းမခံဘဲ ပြန်လည် ခုခံ ထွက်ပြေးသောကြောင့် လိုက်လံ ပစ်ခတ် ဖမ်းဆီးစဉ် ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိပြီး ကျန်စစ်သား ၃ ဦးမှာ လက်နက်ချ အညံ့ခံ ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ် ဖမ်းဆီးမှုအတွင်း အပြင်းအထန်ဒဏ်ရာရရှိသည့် စစ်သား ၂ ဦးကို CDF – Asho တပ် ဖွဲ့မှ အချိန်မီ ဆေးကုသမှု ပေးခဲ့သော်လည်း ကုသစဉ်အတွင်း သေဆုံးသွားကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ငဖဲမြို့နယ်၊ ရှောက်တောင်ရွာနှင့် ကပဖ ၁၄ အနီး အမ်းမြို့နယ်၊ တောင်ဇောက်ရွာ တိုက်ပွဲမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားအင်အား ၁၀၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ အဖမ်းမခံဘဲ ပြန်လည် ခုခံ ထွက်ပြေးသောကြောင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း ကျန်ရှိနေသော အကြမ်းဖက် စစ်သားများမှာ တပ်ပျက်၍ ခြေဦးတည်ရာ ထွက်ပြေးနေပြီး ချင်းကာ ကွယ်ရေးတပ် – အရှို (CDF – Asho) မှ လိုက်လံ ရှင်းလင်း ဖမ်းဆီးခဲ့ရာ စစ်ကောင်စီ တပ်သား ၉ ဦးကို ထပ်မံဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရသည်။
ထို့ကြောင့် ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်နေ့ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၁၂ ဦး အရှင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“၁၃ ရက်နေ့က လာတာက ၅ ယောက်လာတာ၊ ၂ ယောက်က သေနတ်မှန်တယ်၊ နှစ်ယောက်ကို မှန် ပြီးတဲ့အချိန်မှာ ကျန်တဲ့ ၃ ယောက်က လက်နက်ချလိုက်တာ၊ ၅ ယောက်လုံးတော့ အရှင်ဖမ်းမိတယ်၊ နှစ်ယောက်ကတော့ ဒဏ်ရာနဲ့ပါလာတာဖြစ်လို့ ကုသရင်းသေဆုံးသွားတာပါ။ ကျန်တဲ့ ၈ ယောက်မိ တယ်ဆိုတာကလည်း တနေရာတည်းမှာ ၈ ယောက်လုံးပြုံပြီးမိတာမဟုတ်ဘူး။ ဟိုတကွဲ ဒီတကွဲ မိတာ၊ တိုက်ပွဲဖြစ်တဲ့အနီးအနားမှာပဲ ၊ ၈ ယောက်နဲ့ ၃ ယောက်အတွင်းမှာမှ တခြားသီးသန့် ဖမ်းမိ တာ လည်းတစ်ယောက်ရှိပါတယ်၊ ၂ ရက်အတွင်းမှာ စုစုပေါင်း ၁၂ ယောက်မိခဲ့တာပါ” ဟု Chin Defence Force – Asho တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ပြောဆိုသည်။
ဖမ်းဆီးရရှိသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်အတူ လက်နက်ငယ် ၁၅ လက်၊ စိန် ပြောင်း ၁ လက်အပြင် ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက်စစ်သားများကို လိုက်လံရှင်းလင်းလျက်ရှိကြောင်း ချင်းကာကွယ်ရေးတပ် – အရှို က ပြောဆိုထားသည်။။