■ ဗုံးဆက်တိုက် ကြဲခံရပြီးနောက် ရခိုင်တွင် AA က အချက်ပေးစနစ် စတင်
Western News| ဇန်နဝါရီ ၁၆
အာရက္ခတပ်တော် AA က စစ်ရေးကို နိုင်ငံးရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြေညာပြီးနောက် အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်ကစ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့ရွာများကို ဗုံးဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ၏ ထိုဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၆၀ နီးပါသေဆုံးခဲ့သလို ၆၀ ဦးနီးပါးမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပြီး စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦး လူနေအိမ် အများအပြား ပျက်စီးခဲ့သည်။
ယင်းအပြင် အာရက္ခတပ်တော် AA ၏ နယ်မြေခံ ထိပ်ပိုင်းခေါင်းအချို့လည်း ဗုံးဒဏ်ကြောင်း သေဆုံးသွားသလို ဒဏ်ရာရရှိသူများလည်းရှိကြောင်း Western News က စုံစမ်းရရှိထားသည်။
ထိုကြောင့် အာရက္ခတပ်တော် AA သည် သိမ်းပိုက်ထားသော မြို့ရွာများတွင် စစ်ကောင်စီ လေယာဉ်များလာလျှင် ပြည်သူလူထုများ ပုန်းခိုတိမ်းရှောင်နိုင်ရန် သို့မဟုတ် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အချက်ပေးသံ စနစ်အား ဖော်နေပြီဟု ကျောက်တော်ဒေသခံတစ်ဦးက Western News ကို ပြောသည်။
“လေကြောင်းအန္တရာယ်ကို ကာကွယ်နိုင်ဖို့ ကျောက်တော်မှာတော့ လေယာဉ်လာရင် AA က Alert ပေးတာတွေတော့ လုပ်ဆောင်နေတာရှိတယ်။ အဲ့ဒီအသံက တစ်မြို့လုံး ကြားရပါတယ်။ အဲ့လိုပေးပြီဆိုရင် ကိုယ်ဖက် အဆင့်သင့် လုပ်ထားဖို့လိုတာပေါ့။ တချို့အိမ်တွေမှာတော့ ဗုံးခိုကျင်းတွေ လုပ်ထားတာရှိတယ်။ ဒါပေမယ့် လေယာဉ်က ဘယ်အချိန်လာ ပစ်မလဲဆိုတာမသိတော့ လေကြောင်းအန္တရာယ်နဲ့ပတ်သက်ပြီး ဒေသခံတွေက စိုးရိမ်နေကြရတယ်” ဟု ပြောသည်။
အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည့် မြို့နယ်အချို့တွင် ယင်းကဲ့သို့ လုပ်ဆောင်မှုများ ရှိနေသော်လည်း တချို့ မြို့နယ်များတွင် အသတိပေးချက်များ လုပ်ဆောင်ခြင်း မရှိသေးကြောင်း မြေပုံမြို့ခံတစ်ဦးက ယခုလို ပြောသည်။
“ကျနော်တို့ မြို့တော့ မရှိသေးဘူး။ အဲ့လို Alert စနစ်နဲ့ သတိပေးချက်တွေ မရှိဘူး။ လုပ်ရင်တော့ အရမ်းကောင်းတာပေါ့။ ကြိုတင်ဗုံးခိုကျင်းတွေထဲမှာ အပြေးအလွှား ပုန်းလို့ ရတယ်။ တစ်ခါတစ်လေ အနားတွေမှာ စက်သံတွေနဲ့ဆူနေတော့ လေယာဉ်လာတာကို မကြားလိုက်ရတာလည်း ရှိနေတယ်လေ” ဟု ပြောသည်။
AA က ငြိမ်းချမ်းရေးစကား ကမ်းလှမ်းပြီးနောက် စစ်ကောင်စီသည် ရခိုင်ကို နေ့စဉ် ဗုံးဆက်တိုက် ကြဲချတိုက်ခိုက်ခြင်းသည် သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်သည်ဟု ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။
“ဘာတိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိတော့တဲ့နေရာမှာ အခုလို အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်တာဟာ အကြမ်းဖက်စစ်ကောင်စီအနေနှင့် အလွန်ယုတ်မာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာလဲဖြစ်ပါတယ်” ဟု ပြောသည်။
တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ နေ့ တစ်နှစ်တာအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရခိုင်ပြည်မှာ သေဆုံးသူ ၇၃၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅၆၉ ဦးရှိကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က တစ်နှစ်တာအစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူပေါင်း ၇၄၉ ဦးရှိခဲ့ပြီး မွတ်ဆလင်ပြည်သူများအပါအဝင် စစ်ဘေးရှောင်ဒုက္ခသည် ၆ သိန်းခန့်ရှိကြောင်း HDCO က ထုတ်ပြန်ထားသည်။
#WesternNews #WN #လေကြောင်းအန္တရာယ် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု #AA #အာရက္ခတပ်တော် #ရခိုင် #ပြည်သူများ #အချက်ပေးသံ #ကြိုတင်ပြင်ဆင် #ဗုံးခိုကျင်း
ပုံစာ – စစ်ကောင်စီလေတပ်၏ စစ်ရေးလေ့ကျင့်မှုမြင်ကွင်းတစ်ခု။ (ဓာတ်ပုံ – AFP)