မြန်မာအပါအဝင် အရှေ့တောင်အာရှက လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေး

by

in

မြန်မာအပါအဝင် အရှေ့တောင်အာရှက လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေး
ဇန်နဝါရီ ၁၅၊ ၂၀၂၅
လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ပြီး ဖြားယောင်းခံရသူတွေနဲ့ တရားမဝင်အလုပ်တွေမှာ ပိတ်မိနေသူတွေကို အိမ်ပြန်ခေါ်ဖို့အရေး ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ ဘန်ကောက်မှာ အခုတစ်ပတ်ထဲ ဆွေးနွေးခဲ့ကြတယ်လို့ Reuters က ဇန်နဝါရီလ ၁၅ ရက်မှာ သတင်းဖော်ပြထားပါတယ်။
ထိုင်းကို သွားရောက်ပြီးနောက် လူကုန်ကူးခံခဲ့ရတဲ့ တရုတ်သရုပ်ဆောင်ကို မြန်မာနယ်စပ်မြို့ မြဝတီမှာ ပြန်လည်တွေ့ရှိခဲ့တဲ့အကြောင်း ထိပ်တန်းသတင်းဖြစ်ပြီးတဲ့နောက် ဇန်နဝါရီလ ၁၄ ရက်မှာ နှစ်နိုင်ငံ အာဏာပိုင်တွေအကြား ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြတာပါ။
ထိုင်း၊ လာအိုနဲ့ မြန်မာက နယ်စပ်မြို့တွေဟာ တယ်လီကွန်းနဲ့ အခြားအွန်လိုင်း လိမ်လည်မှုတွေအတွက် ဒေသဆိုင်ရာ အချက်အချာနေရာတွေဖြစ်လာပြီး ထောင်နဲ့ချီတဲ့သူတွေဟာ အဲဒီနေရာတွေက လိမ်လည်လုပ်ငန်းတွေဆီ လူကန်ကူးခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။
“ဟောင်ကောင်ဒေသခံတွေ အရှေ့တောင်အာရှနိုင်ငံတွေဆီကို ဖြားယောင်းခံရပြီး တရားမဝင်အလုပ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အခြေအနေတွေ တိုးပွားပေါ်ပေါက်လာတဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်” လို့ မြို့တော်အစိုးရက ဇန်နဝါရီ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီလို လက္ခဏာတွေဟာ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်ကတည်းက ကြီးထွားလာခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဟောင်ကောင်လုံခြုံရေးအရာရှိ Michael Cheuk ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ဇန်နဝါရီ ၁၄ ရက်က ထိုင်းရဲတွေ၊ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး ဟောင်ကောင်ဒေသခံတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း အစိုးရက နောက်ဆက်တွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာပိုင်တွေထံ အကူအညီတောင်းခံမှု ၂၈ ခုမှာ ပါဝင်ပတ်သက်သူ ၁၆ ယောက်ကို နေရပ်ပြန်ပို့ခဲ့ပြီး ကျန်တဲ့ ၁၂ ယောက်ကတော့ “သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေအပေါ် ကန့်သတ်ခံထားရကြောင်း” ဖော်ပြထားပါတယ်။
ပြည်ပမှာ အခကြေးမြင့်တဲ့ အလုပ်အကိုင်တွေပေးမယ်လို့ အွန်လိုင်းကနေ လိမ်လည်ပြီး မြန်မာနယ်စပ် မြဝတီမြို့ (ရွှေကုက္ကိုလ်) ကို လိမ်လည်လှည့်ဖြားတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် တရုတ်နိုင်ငံသားတွေအနေနဲ့ တယ်လီကွန်းနဲ့ အွန်လိုင်း လိမ်လည်မှုတွေကို သတိပြုကြဖို့ ထိုင်းနဲ့ မြန်မာမှာရှိတဲ့ တရုတ်သံရုံးတွေက ပြီးခဲ့တဲ့သီတင်းပတ်မှာ သတိပေးထားပါတယ်။
လူကုန်ကူးခံရသူအများစုဟာ အရှေ့တောင် အာရှနိုင်ငံတွေအပြင် တရုတ်၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်နိုင်ငံသားတွေဖြစ်ပြီး အချို့ဆိုရင် အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတွေအထိ ပါဝင်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက် ညကလည်း လက်ရှိထိုင်းဝန်ကြီးချုပ်ပတွန်တန် ရှင်နာဝပ်ထရာကို အိမ်နီးချင်းနိုင်ငံက ခေါင်းဆောင်တစ်ယောက်အဖြစ် ဟန်ဆောင်ဖုန်းခေါ်ပြီး ငွေလိမ်ဖို့ကြိုးပမ်းခဲ့တယ်လို့ သူမက ပြောပါတယ်။
News-Straitstimes