မြန်မာ့အရေး တရုတ်ကွန်မြူနစ်ပါတီ တံခါးပိတ်ဆွေးနွေးခဲ့ကြောင်း The Economic Times ဖော်ပြ
~~~
■ မြန်မာနိုင်ငံရဲ့ အခြေအနေ စိုးရိမ်စရာဖြစ်လာချိန်မှာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိတွေ၊ ပညာရှင်တွေနဲ့ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူတွေ တံခါးပိတ်အစည်းအဝေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ အိန္ဒိယအခြေစိုက် The Economic Times က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ဖော်ပြပါတယ်။
အဲဒီအစည်းအဝေးကို တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီဇင်ဘာလက ကျင်းပခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ မကြုံဖူးလောက်အောင် အင်အားချည့်နဲ့လာတာကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်တဲ့ အခြေအနေမရှိတော့ဘူးလို့ အစည်းအဝေး တက်ရောက်သူတွေက ရှုမြင်သုံးသပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးလိုမြို့ကြီးတွေကို စစ်ကောင်စီက ဆက်လက်ထိန်းထားနိုင်ပေမဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေကိုလည်း အလေးပေးဆက်ဆံဖို့ အစည်းအဝေးမှာ အကြုံပြုကြတယ်လို့ ဖော်ပြပါတယ်။
ဒီအပြင် စစ်ကောင်စီနဲ့ EAOs အဖွဲ့တွေကိုသာမက အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDFs) တွေနဲ့ပါ ဆက်ဆံရေးတိုးမြှင့်သင့်တယ်လို့လည်း အစည်းအဝေးတက်ရောက်လာသူတွေက အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံဟာ ဆီးရီးယားလမ်းစဉ်လိုက်ဖို့ ဖြစ်နိုင်ခြေနည်းတာကို အစည်းအဝေးတက်ရောက်သူတွေက သဘောတူခဲ့ကြတယ်လို့လည်း ဖော်ပြပါတယ်။
ဇန်နဝါရီလ ၁၅ ရက် ဒီနေ့မှာလည်း စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အထိ တိုက်ခိုက်သိမ်းပိုက် ထားတဲ့ ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေ တရုတ်နိုင်ငံ ကြားဝင်မှုကြောင့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
_________
တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်းထဲ အဓိကပါဝင်နေသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)