လွိုင်ကော်တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၁၅
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီအချိန် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့ နှင့် (Anti-Coup People’s Liberation Force – ACPLF) အဖွဲ့တို့ပူးပေါင်း၍ ဒုတိယကာကွယ်ရေးဦးစီးချုပ်စိုးဝင်းရောက်ရှိပြီး ညစာစားပွဲကျင်းပနေသည့် ကယားပြည်နယ် ခန်းမအတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံး ၅ လုံးကိုလည်းကောင်း၊ တပြိင်နက်တည်းတွင် ကရင်နီပြည်အတွင်းစစ်ရှုံးကောင်စီ၏ တပ်ဖွဲ့ဝင်များ ခြေကုပ်တပ်စွဲထားသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ဒကစ (လွိုင်ကော်)အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးကိုလည်းကောင်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သော ရှော့တိုက်ဒုံး ၇ လုံးတွင် ၆ လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီး မစ်ရှင်ကိုခက်ခဲစွာဖော်ဆောင်ခဲ့ရသော ရဲဘော်များအားလုံးလည်း အချိန်ယူ၍ခက်ခဲစွာပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယခုအခါ ဘေး ကင်းလုံခြုံရာနေရာအသီးသီးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
“ပြည်သူ့အပေါ်ယုတ်မာတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး စိုးဝင်းလိုခေါင်းဆောင်မျိုးတောင် အမြဲမလုံခြုံတော့ဘူးဆိုတာ အသိပေးလိုပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့ မှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။
ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် စစ်တပ်၏ ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှု အခြေ အနေ မသိရှိရသေးပေ။