တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်ဟု PDA တီးတိန် ကြေညာ
◾️ပြည်သူများ အချိန်မီပြင်ဆင် ထားရန် အသိပေးထားပြီး မည်သည့်တော်လှန်ရေးတပ်ဖွဲ့မဆို တိုက်ပွဲဝင်ရန်ဖိတ်ခေါ်
◾️ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းကလည်း တီးတိန်မှ စစ်ကောင်စီတပ်များတိုက်ထုတ်ရန် စီစဉ်ပြီးဖြစ်၍ PDA၏ တိုက်ပွဲဖော်ဆောင်မှုလက်မခံဟု တုံ့ပြန်
ဟန်နွေ/People’s Spring
ချင်းပြည်ကောင်စီ(CC)နှင့် နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးထားသည့် တီးတိန်မြို့နယ်ကောင်စီ၏ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သော PDA-Tedimက တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်ဖြစ်ကြောင်း တီးတိန်မြို့နယ်ကောင်စီက ဇန်နဝါရီ ၁၄ရက်တွင် ထုတ်ပြန်ကြေညာကာ တီးတိန်မြို့နယ်အတွင်း ပြည်သူလူထုများ အချိန်မီပြင်ဆင်ထားကြရန် အသိပေးလိုက်သည်။
တီးတိန်မြို့သိမ်းတိုက်ပွဲကို PDA-Tedimမှ မဟာမိတ်တပ်များနှင့်အတူ ဖော်ဆောင်မည်ဖြစ်ရာ မည်သည့်အဖွဲ့အစည်းကမှ ကန့် ကွက်ခွင့်မရှိသကဲ့သို့ ကိုယ့်မြို့ကိုယ်သိမ်းမည်ဖြစ်၍ အမှန်တကယ် စစ်ကောင်စီတပ်သားများ ချေမှုန်းကင်းစင်စေလိုသော မည်သည့်တော်လှန်ရေးအဖွဲ့အစည်းမဆို လာရောက်ပူးပေါင်းရေး အကူအညီ တောင်းဆိုကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီအား ချေမှုန်းသည့် တော်လှန်ရေးအဖွဲ့အဖြစ် PDA-Tedim၊ PDF- Zoland၊ CDM-Siyin၊ Hualngoram-CDF စသည့် တပ်ဖွဲ့ ၄ဖွဲ့နှင့် စစ်ကောင်စီတော်လှန်တိုက်ခိုက်ခြင်း မပြုသည့် ZRA-ECတစ်ဖွဲ့ဟူ၍ လက်နက်ကိုင် တပ်ဖွဲ့ ၅ဖွဲ့ရှိသည်ဟု ဆိုသည်။
ယင်းအဖွဲ့များအနက် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သော PDF-Zolandက PDAတီးတိန်၏ ကြေညာချက်ကို လက်မခံကြောင်း ယနေ့ (ဇန်နဝါရီ ၁၅ရက်)နံနက်တွင် ထုတ်ပြန်ခဲ့သည်။
ချင်းပြည်ကြားကာလအတိုင်ပင်ခံကောင်စီ (ICNCC)၏ ကာကွယ်ရေးတပ်ဖြစ်သည့် ချင်းညီနောင် (CB)သည် ဇိုမီးလူမျိုးများ၏ မြို့တော်ဖြစ်သည့် တီးတိန်မြို့မှ စစ်ကောင်စီတပ်များကိုတိုက်ထုတ်ကာ လွတ်မြောက်နယ်မြေအဖြစ် ဖော်ဆောင်ရန် လုပ်ငန်းအစီအစဉ်များ ချမှတ်ထားပြီးဖြစ်သော်လည်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)က PDA အား လက်ကိုင်တုတ်အဖြစ် အသုံးချကာ တီးတိန်မြို့အား စွက်ဖက်သိမ်းပိုက်ရန် ကြိုးစားနေကြောင်း ဖော်ပြထားသည်။
CNF/CNA နှင့် အပေါင်းအပါများ၏ ဆောင်ရွက်ချက်များသည် နိုင်ငံရေးလက်ဦးမှု ရယူလိုမှုသာဖြစ်သည်ဟုလည်း PDF Zolandက ဖော်ပြသည်။
ZFU/PDF Zoland သည် တီးတိန်မြေအား စစ်ကောင်စီ၊ CNF အပါအဝင် အပေါင်းအပါဖြစ်သည့် PDA စသည့် မည်သည့်အဖွဲ့ အစည်းကိုမျှ ပေးအပ်မည်မဟုတ်ဘဲ တားမြစ်ထားသည့်ကြားမှ ကျူးကျော် ဝင်ရောက်လာပါက ICNCC/CB နှင့်လက်တွဲကာ ပြတ်ပြတ်သားသား တိုက်ထုတ်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။
ZFU/PDF Zoland အနေဖြင့် ဇိုမီးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်းမှုကို ထိပါးနှောင့်ယှက်ရန် အာဏာရှင်ဆန်ဆန် ကြိုးပမ်းလာသည့် မည်သည့်အဖွဲ့အစည်းကိုမဆို လက်ပိုက်ကြည့်နေမည်မဟုတ်ဟုလည်း ထုတ်ပြန်ခဲ့သည်။
တီးတိန်မြို့နယ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်မူ ချင်းပြည်တောင်ပိုင်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့ များမှ အပြီးတိုင်သိမ်းယူနိုင်ခဲ့ပြီးဖြစ်ရာ ချင်းပြည်မြောက်ပိုင်းတွင်လည်း တွန်းဇံမြို့အား တော်လှန်ရေး တပ်ဖွဲ့များမှ သိမ်းယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မဟာမိတ်တပ်များဘက်မှ ကာကွယ်ရေးကဏ္ဍ၌ တာဝန်ယူပေး၍ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေပြုရေးနှင့်ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေးတို့တွင် နယ်မြေခံ အဖွဲ့အစည်းများ၌ အပြည့်အဝအပ်နှံထားကြောင်း ရှင်းလင်းသည်။
လက်ရှိတွင် ဇိုမီး(ချင်း)များ၏ အခြေပြုနေထိုင်ရာ တီးတိန်မြို့နှင့်ခိုင်ကမ်းမြို့တွင်း၌သာ စစ်ကောင်စီ၏ တပ်သားများ တပ်ချနေထိုင်လျှက်ရှိသေးသဖြင့် အလျင်အမြန် တိုက်ခိုက် သိမ်းယူရေး အတွက် တီးတိန်မြို့နယ်ကောင်စီ၏ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သော PDA-Tedim သည် စစ်ရေးမဟာမိတ်များနှင့်အတူ စစ်ကောင်စီအားအမှန်တကယ်တော်လှန်တိုက်ခိုက်နေသည့်မည်သည့် တော်လှန်ရေးတပ်ဖွဲ့မဆို တိုက်ပွဲဝင်ရန်အတွက် ဖိတ်ခေါ်အကူအညီတောင်းအပ်သည်ဟု တီးတိန်မြို့နယ်ကောင်စီက ကြေညာခဲ့သည်။
မြို့သိမ်းတိုက်ပွဲဖော်ဆောင်မှုကို ပြည်သူတို့မှလည်း ဆုတောင်းအပ်နှံပေးခြင်းဖြင့် အားဖြည့်ကူညီရန်ဖိတ်ခေါ်ထားသည်။
ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)များ စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီ နှင့် CDF ၆ဖွဲ့စုဖွဲ့ထားပြီး ရက္ခိုင့်တပ်တော်(AA)နှင့် မဟာမိတ်ပြုလုပ်ထားသည့် ချင်းညီနောင်တို့သည် နိုင်ငံရေး၊ စစ်ရေးအရ ပြဿနာများ ယခင်ကတည်းက ရှိခဲ့ပြီး ၂၀၂၄ ဇွန်လတွင် နှစ်ဖက်တပ်ဖွဲ့ဝင်များ ကျဆုံးထိခိုက်ရှိခဲ့သည့် တိုက်ပွဲများ ဖြစ်ခဲ့သည်။
ချင်းတော်လှန်ရေးတပ်အချင်းချင်းအကြား ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်ရန်လိုအပ်ကြောင်း နှစ်ဖက်စလုံးက ပြောကြားထားသော်လည်း လက်ရှိ အခြေအနေတွင် ပေါင်းစည်းရေး ဆွေးနွေးမှု မလုပ်နိုင်ဘဲ ပြဿနာအသစ်များထပ်မံပေါ်ပေါက်လာနေခြင်းလည်းဖြစ်သည်။
(PDA-Tedimမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – PDA-Tedim)