ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းနဲ့ အောက်ဗိုလ်တဲ့ လမ်းဟောင်းကို ၁ လအတွင်း ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်က အောင်ဇေယျစစ်ကြောင်းကို အင်အားဖြည့်တင်းနေတယ်လို့ မြေပြင် ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
အာရှလမ်းနဲ့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ဒုတိယပတ်ကစတင်ပြီး တကျော့ပြန် ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းဟာ KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခံထားရတာကြောင့် စစ်ကောင်စီတပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေပါတယ်။ လက်ရှိမှာ စစ်ကောင်စီက ဘားအံ-ကျုံဒိုး-ကော့ကရိတ်လမ်းအတိုင်း သံချပ်ကာယာဉ်တွေနဲ့အတူ အရပ်သား ယာဉ်တွေကို အသုံးပြုပြီး အင်အား ဖြည့်တင်းနေပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်က “အဲလောက်ကြီးမဟုတ်ပါဘူး။ ရှေ့မှာတော့ အကုန်လုံးရှိပါတယ်။ ထိပ်တိုက်တော့ ကောင်းကောင်းမတွေ့သေးဘူး။ ဒါပေမဲ့ မနေ့ကလည်း အံဖကြီးဘက်ကို အလုံးကြီးပစ်တယ်။ ညက ၄ လုံးလား၊ ၂ လုံးလား ကျတယ်။ မနေ့ညက ၁ မိုင်ကုန်း ဘက်ကိုလည်း ပစ်တယ်။ ဆန်စက် မီးလောင်သွားတယ်။ အင်အားဖြည့်တင်းတယ်လို့တော့ ကြားတယ်။ သူတို့ ရှေ့ဆက်တက်လာရင် ပွဲက ကြီးကြီးမားမားဖြစ်ဖို့ရှိတယ်။ တော်လှန်ရေးဘက်က အကုန်လုံးပြင်ဆင်ထားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီ ၂၇ ရက်က စတင်ပြီး ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကနေ ပစ်ခတ်နေတာကြောင့် မြို့တွင်းနဲ့ အနီးအနား ကျေးရွာက ပြည်သူတချို့ ပြန်လည်ထွက်ခွာပြီး စစ်ရှောင်တာတွေရှိပါတယ်။
စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “အခုဆိုရင် သင်္ကန်းညီနောင်မှာ ကြားနေရတယ်။ လက်နက်ကြီးတွေ ကျတယ်။ တခါလုပ်တခါ လူတွေ ထိခိုက်တယ်။ ကျောင်းတွေ ထိခိုက်တယ်။ အဲဒီလိုမျိုးဖြစ်တဲ့အပေါ်မှာလေး ဆက်နေလို့ရှိရင် တခါလုပ် တခါထိနေမှာပဲ။ အနည်းနဲ့အများက ထိနေမှာပဲ။ ညီနောင် ကော့ကရိတ်လိုနေရာမှာ မနေသင့်တော့ဘူး။ ပြည်သူတွေကတော့ စိုးရိမ်စရာ အများကြီးရှိတာက အခုလည်း မဟုတ်ဘူး။ အမြဲတမ်းဖြစ်နေတဲ့ မငြိမ်းချမ်းသေးတဲ့ အပေါ်မှာ အဲလိုပဲဖြစ်နေဦးမှာ။ ပြည်သူတွေက အများကြီး စိုးရိမ်စရာရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို KNLA ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စားနပ်ရိက္ခာပြတ်လပ်တာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးခံရသူ ၂ ယောက်၊ လက်နက်နဲ့ အလင်းဝင်သူ ၁ ယောက်၊ လက်နက်မဲ့ အလင်းဝင်သူ ၈ ယောက်ရှိတယ်လို့ ကော်ဘရာစစ်ကြောင်းဆီက သိရပါတယ်။
အောင်ခန့်
knla
စစ်တပ်
အာရှလမ်း
အောင်ဇေယျစစ်ကြော