Breaking News- ဖားကန့်မြို့နယ်ရှိ ကျောက်မျက် ကုမ္ပဏီဝင်းများ အပါအဝင် နေရာ ၃ ခုကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်မှု ပြည်သူများအပြား သေဆုံးထိခိုက် (ရုပ်/သံ)
ရန်ကုန်၊ ဇန်နဝါရီ ၁၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာရှိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီဝင်း အပါအဝင် နေရာ ၃ ခုကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်မှု ပြည်သူများအပြား သေဆုံးထိခိုက်ကြောင်း KIA သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၈ မိနစ်အချိန် မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းမှ တက်လာသော Yak-130 ဂျက်ဖိုက်တာလေယာဉ်က ဖားကန့်မြို့နယ် အတွင်းရှိ မဇွပ်ယာန်မြို့ မနောကွင်း၊ ၊ မြဥယျာဉ်ကုမ္ပဏီ ကျောက်မျက်ဝင်းအတွင်းနှင့် ဆန်ခါကျေးရွာ ကျောက်မျက်လုပ်ကွက် နေရာများကို လေယာဉ်ဖြင့် ဗုံးကျဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် လူအသေအပျောက်များကာ စာရင်းအတိအကျ မသိရသေးဘဲ သေဆုံးထိခိုက်မှု အခြေအနေ ဆိုးဝါးကြောင်း သိရှိရသည်။
“ဖားကန့်၊ လုံးခင်း ဆန်ခါရွာကိုလည်း ဖိုက်တာဂျက်နဲ့ ဗုံး ၂ လုံးကျဲချတယ်။ စက်သေနတ်နဲ့လည်းပစ်တယ်။ သေဆုံးမှုများတယ်။ စာရင်း အတိအကျ မသိရသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ယနေ့ နံနက်အစောပိုင်းကလည်း ဖားကန့်မြို့နယ်ဘက်သို့ စစ်လေယာဉ်ဖြင့် ဗုံးကျဲချမှု ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေ ကို မသိရှိရသေးဟု ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။