မင်းအောင်လှိုင်က လုပ်ငန်းရှင်များကို ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်ရေး ဆောင်ရွက်ကြရန် ညွှန်ကြား၊ သားအောင်ပြည့်စုံက ဆိုလာပြားများစွာ တင်သွင်းနေဆဲဖြစ်ပြီး သမီးခင်သီရိသက်မွန်ကလည်း EV ကားများ တိုးမြှင့်တင်သွင်းနေဆဲ

by

in

မင်းအောင်လှိုင်က လုပ်ငန်းရှင်များကို ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်ရေး ဆောင်ရွက်ကြရန် ညွှန်ကြား၊ သားအောင်ပြည့်စုံက ဆိုလာပြားများစွာ တင်သွင်းနေဆဲဖြစ်ပြီး သမီးခင်သီရိသက်မွန်ကလည်း EV ကားများ တိုးမြှင့်တင်သွင်းနေဆဲ
ရန်ကုန်၊ ဇန်နဝါရီ ၁၁
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ဆိုလာစနစ်ဖြင့် ဓာတ်အားရရှိရေး လုပ်ငန်းရှင်များက ၀ိုင်းဝန်း ဆောင်ရွက်ကြရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားပြောဆိုသည်။
ယမန်နေ့ မိတ္တီလာတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိနေပြီး လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနိုင်မှုနှင့် ပတ်သက်၍ ဖျက်ဆီးခံရမှုများ၊ အချို့စက်ရုံများအနေဖြင့် စွမ်းအားပြည့် လည်ပတ်နိုင်မှု မရှိခြင်းများ၊ ဓာတ်ငွေ့လိုအပ်ချက် မပြည့်မီမှု များကြောင့် အခက်အခဲများရှိကြောင်း၊ ထို့ပြင် အကောင်အထည်ဖော်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကန့်ကွက်မှုများလည်း ရှိကြောင်း၊ ထို့ကြောင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်၍ ရသည့် ဆိုလာစနစ်ကို မိမိတို့ အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း တစ်နိုင်တစ်ပိုင် ၀ိုင်းဝန်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုညွှန်ကြားသည်။
လက်ရှိ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်မားနေချိန် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ဆိုလာပြားများ တင်သွင်းမှုများ ဆက်လက် တိုးမြှင့်လုပ်ကိုင်နေပြီး သမီးဖြစ်သူ ခင်သီရိသက်မွန်ကလည်း EV ကားတင်သွင်းမှုများကို ဆက်လက်တိုးမြှင့် လုပ်ကိုင်နေကြောင်း သိရှိရသည်။
မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံသည် ဆိုလာလျှပ်စစ်ကုမ္ပဏီများကို နာမည်ခွဲ များစွာ ဖြင့် ထူထောင်၍ ဆိုလာလျှပ်စစ်စက်ရုံများအတွက် ဆိုလာပြားများ တင်သွင်းလျက်ရှိရာ လျှပ်စစ်ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိသော တောင်တွင်းကြီးမြို့ရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံတွင်၄၀ မဂ္ဂါဝပ် ဆိုလာစက်ရုံ ၊စလင်းမြို့နယ် တညောင်ရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံတွင် ၄၀ မဂ္ဂါဝပ် ဆိုလာစက်ရုံ၊ ပခုက္ကူမြို့ ဗုဒ္ဓကုန်းရှိ၆၆ ကေဗွီဓာတ်အားခွဲရုံတွင် ၄၀ မဂ္ဂါဝပ် ဆိုလာစက်ရုံ၊ ပေါက်မြို့နယ်ချောင်းကူးရှိ ၆၆ ကေဗွီဓာတ်အားခွဲရုံတွင်၄၀ မဂ္ဂါဝပ် ဆိုလာ စက်ရုံ ၊ ချောက်မြို့ရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံတွင် ၄၀ မဂ္ဂါဝပ် ဆိုလာစက်ရုံ၊ ကျွန်းချောင်းရှိ ၆၆ ကေဗွီဓာတ်အားခွဲရုံတွင် ၄၀ မဂ္ဂါဝပ် ဆိုလာစက်ရုံတို့အတွက် လိုအပ်သော ဆိုလာပြားများကို အောင်ပြည့်စုံ၏ ကုမ္ပဏီများက တင်သွင်းပေးခဲ့ကြောင်း သိရှိရသည်။
တောင်တွင်းကြီးမြို့နှင့် စလင်းမြို့နယ်တို့ရှိ ဆိုလာစက်ရုံနှစ်ခုတည်ဆောက်မှုများတွင် Construction of China Gezhouba Group Oversea Investment Co.,Ltd. and Future Energy Co.,Ltd. and Xi an Longi Clean Energy Co.,Ltd. တို့က တင်ဒါအောင်မြင်ခဲ့ကြာင်း၊ ပခုက္ကူ၊ ပေါက်၊ ချောက်၊ကျွန်းချောင်းရှိ ဆိုလာစက်ရုံလေးခု တည်ဆောက်မှုကို Sungrow Power Supply Co.,Ltd. က အောင်မြင်ခဲ့ကြောင်း၊ အဆိုပါ စက်ရုံများအတွက် ဆိုလာပြားများကို မင်းအောင် လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက တင်သွင်းပေးခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်ရှိ ရေလှောင်ဆည် ၃ ခုတွင် အကောင်အထည်ဖော်နေသည့် ဆိုလာစီမံကိန်း ၃ တွင် လည်း အောင်ပြည့်စုံ၏ ကုမ္ပဏီခွဲဖြစ်သော Venus Essential က လုပ်ကိုင်ခွင့်ရရှိပြီး လုပ်ငန်းများ ဆောင်ရွက်နေဆဲကြောင်း သိရှိရသည်။
အလားတူ အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က EV လျှပ်စစ်ကားတင်သွင်းမှုများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော နိုင်ဖြိုးကျော်၊ ဝေယံမင်းမောင်တို့နှင့်အတူ NPK Motor Co Ltd ကုမ္ပဏီထူထောင်ပြီး မြန်မာနိုင်ငံတွင်းသို့ လျှပ်စစ် ကားများနှင့် MG Myanmar ၊ Leapmotor Myanmar အမျိုးစား လျှပ်စစ် ကားများကို တိုးမြှင့်တင်သွင်းနေဆဲကြောင်း သိရှိရသည်။
မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများကို နာမည်ခွဲ များစွာဖြင့် လုပ်ကိုင်နေသည့်အပြင် ဝေယံမင်းမောင်၊ နိုင်ဖြိုးကျော်တို့နှင့်အတူ NPK Motor Co Ltd ကုမ္ပဏီ တည်ထောင်၍ မြန်မာနိုင်ငံတွင်းသို့ လျှပ်စစ်ကားများ၊ MG Myanmar ကားများ တင်သွင်းနေဆဲဖြစ်ကြောင်း၊ မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိ သက်မွန်ကုမ္ပဏီ NPK Motor က လျှပ်စစ်ကားနှင့် ပြည်ပမှ ကားများကို စိတ်ကြိုက်တင်သွင်းခွင့် ရရှိထားကြောင်း သိရှိရသည်။
မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန် တင်သွင်းနေသော MG Myanmar က မြန်မာနိုင်ငံတွင်းသို့ လျှပ်စစ်ကားများနှင့် MG အမှတ်တံဆိပ်ကားများ၊ Leapmotor Myanmar အမျိုးစား လျှပ်စစ် ကားများ တင်သွင်းနေရာတွင် ကားမိတ်ဆက်ပွဲများကို သရုပ်ဆောင် မင်းသား၊ မင်းသမီးများ ဖိတ် ကြား၍ ခြိမ့်ခြိမ့်သဲသဲ မကြာခဏဆိုသလို ကျင်းပလေ့ရှိကြောင်း သိရှိရသည်။
ထို့ပြင် မင်းအောင်လှိုင်သမီး ကုမ္ပဏီက မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ကားများတွင် ဓာတ်အားသွင်း သည့် EV Charging Station များလုပ်ပိုင်ခွင့်ရရှိခဲ့သည်။ အလားတူ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက EV ကားတင်သွင်းမှုအဖြစ် တရုတ်BYD ကုမ္ပဏီမှ ကားများကို ပြည်တွင်းကုမ္ပဏီခွဲများစွာ တည် ထောင်၍ တင်သွင်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပြည်တွင်း လျှပ်စစ် ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ဆိုလာနှင့် ဆက်စပ် ပစ္စည်းကို ပြည်ပမှ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီးနောက် မင်းအောင်လှိုင်၏ သားနှင့်သမီးဖြစ်သူတို့က ဆိုလာလျှပ်စစ် နှင့် EV ကားတင်သွင်းမှုများကို အကြီးအကျယ် တိုးမြှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။