နမခမှ ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို PDFများစီးနင်းတိုက်ခိုက်မှုရုပ်သံထုတ်ပြန်
တေဇ/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို PDF များက စီးနင်းတိုက်ခိုက်သောရုပ်သံမှတ်တမ်းကို Burma Liberation Democratic Front – BLDF က ဒီကနေ ညမှာထုတ်ပြန်လိုက်သည်။
စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး ခုနစ်ဦးဖမ်းဆီးရရှိကြောင်း အမှတ် (၁)စစ်ဒေသက ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် ထုတ်ပြန်သည်။
နမခမှ ထွက်လာသော ထပရ-၉၂၉ တပ်ရင်းနှင့် တပ်မ(၇၇)လက်အောက်ခံ ထုတ်နုတ်အင်အားပါ Jammer ကား (၃)စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇)စီးအား အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်း၌ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဟု အမှတ် (၁) စစ်ဒေသက ဆိုသည်။
တိုက်ပွဲအတွင်း အမတ(၅၀၈)တပ်ရင်း မှ လက်နက်ကြီးပစ်ကူအဖြစ် ၁၂၂ မမ ဟောင်ဝှစ်ဇာ (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နမခမှ သံပြားကာကား (၄)စီး တပ်ကူပေးပို့ခဲ့သည်ဟု သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး ခုနစ်ဦးဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့သည်ဟုအသိပေးထားသည်။
G-3 (၂) လက်၊ MA-4 (၁) လက်၊ Uzi (၁) လက်၊ 5.56 မမ ကျည် (၄၁၉၀ ) တောင့် ၊ G-3 ကျည် (၅၀၀၀) တောင့် ၊ ၁၂၂ မမ ဟောင်ဝှစ်ဇာ (၁၅) လုံး၊ ဒရုန်း ဗုံးသီး (၂၀) လုံး၊ တိုက်မိုင်း (၃၀) လုံး ၊ ၇၃ မမ ဒုံးသီး (၂၀) လုံး၊ ၆၀ မမ ဗုံးသီး (၂၇) လုံး၊ ၄၀ မမ ဗုံးသီး (၃) လုံး၊ နင်းမိုင်းအသေး (၄၅) လုံး၊ Jummer စက်ကြီး (၃) လုံး၊ Jummer စက်သေး (၂) လုံး၊ ကျောပိုးလွယ်အိတ် (၆) လုံး၊ Uzi ကျည်အိမ် (၂) သိမ်းဆည်းရရှိခဲ့ကြောင်း BLDF က ထုတ်ပြန်ထားသည်။
မုံရွာခရိုင် ကွပ်ကဲရေးမှူးညွှန်ကြားမှုဖြင့် မုံရွာခရိုင် တပ်ရင် (၁၈၊ ၂၀၊ ၂၂၊ ၂၄၊၂၇)၊ ဗျူဟာ-၆၆ (မုံရွာခရိုင် တပ်ရင်း-၁၉၊ ၂၁၊ ၂၆)၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ (တိုက်နယ်-၁၊ ၂၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁)၊ အရာတော်မြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ (တိုက်နယ်-၂)၊ BLDF ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခြင်းဖြစ်သည်။
“ထိုထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း ရန်သူ့ဘက် ကျောက်စစ်ပုံအမြောက်တပ်မှ ဟောင်ဝှစ်ဇာ ၅ လုံးဖြင့် ပစ်ကူပေးခဲ့ပြီးမြေပြင်စစ်ကြောင်းများဖြင့်လည်း စစ်ကူပေးခဲ့ပါသည်။ တိုက်ပွဲအတွင်း မိမိ
တို့တပ်ပေါင်းစုမှ ရဲဘော်(၁)ဦးအသက်ပေးလှူခဲ့ရသည်။”ဟု မုံရွာခရိုင်တပ်ရင်း အမှတ်(၁၉)က အသိပေးထားသည်။
ထို့အပြင် မုံရွာခရိုင်တပ်ရင်း အမှတ်(၁၉)၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ ကားငါးစီးနှင့် အတူ လက်နက်ခဲယမ်းများလည်း သိမ်းရသည်ဟု အသိပေးထားသည်။
ရုပ်သံ-BLDF