တောင်ကုတ်-ပြည်ပန်းတောင်းလမ်းပေါ်ရှိ တောင်ပုံကြီးဂိတ်စခန်းကို AA သိမ်းပိုက်ထိန်းချုပ်
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
တောင်ကုတ်-ပြည်ပန်းတောင်းလမ်းပေါ်ရှိ စစ်ကောင်စီ၏ တောင်ပုံကြီးဂိတ်စခန်းကို အာရက္ခ တပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့ များက သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း သိရသည်။
AA သည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့ကတည်းက တောင်ပုံ ကြီးဂိတ်ကို ပိတ်ဆို့ထားပြီး ယမန်နေ့ ဇန်နဝါရီ ၈ ရက်နေ့က စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ရက်ပိုင်းအတွင်းမှာပဲ ပိတ်ဆို့လိုက်နိုင်ပြီး စစ်ကူတွေကိုဖြတ်တောက်လိုက်နိုင်တာပေါ့။ တောင်ပုံကြီး စခန်း ကို ရပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ပန်းတောင်းမြို့အဝင်ဂိတ်ထိ တပ်ဆုတ်သွားပြီးနောက် အရေးပေါ်ခုခံစစ်ကို ပြင်ဆင်၍ စစ်ကူအင်အားများပါတိုးချဲ့ထားပြီး တောင်ပုံကြီးဂိတ်စခန်းကို အဓိကကွပ်ကဲနေသည့် (စကခ-၅) တပ်မမှူး ဗိုလ်မှူးချုပ်ကောင်းမြတ်နှင့်အဖွဲ့သည် စခန်းကိုစွန့်ခွာကာ ပြည်ဘက်သို့ ထွက်ပြေးသွားကြောင်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
တောင်ကုတ်-ပြည်ပန်းတောင်းလမ်းရှိ နောက်ဆုံးကျန် ရစ်သည့် စစ်ကောင်စီဂိတ်စခန်း သိမ်းဆည်းခံရချိန်တွင် စစ်ကောင်စီက ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အတွင်းသို့ ပုသိမ်-မုံရွာလမ်းပိုင်းမှ စစ်ကားများဖြင့် အင်အားအများအပြား ပို့ဆောင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ် ဒို့ပြည်ထံက သိရသည်။
တောင်ပုံကြီးတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်မြို့သုဿာန် တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီက ၎င်းတို့၏ နောက်ဆုံးဂိတ်စခန်း ဆုံးရှုံး သွားချိန်တွင် ရခိုင်ရိုးမနှင့် ပဲခူးရိုးမ အစပ်တွင်ရှိသည့် ကျောက်မိုင်းများကို ပိတ်ကာ ဖောကားများကို အင်အားပို့ဆောင်ရန် ချောဆွဲထားကြောင်း သိရသည်။
ပုံစာ-AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#တောင်ကုတ် #ပြည် #ပန်းတောင်း #ဥသျှစ်ပင် #စစ်ကောင်စီ #တောင်ပုံကြီးစခန်း #AA #ပူးပေါင်းတပ်ဖွဲ့ #သိမ်းပိုက် #Ayeyarwaddy_Times