စစ်ကိုင်းက နာမည်ကြီး ပျူခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရပြီး ၇ယောက် သေ
ဇန်နဝါရီ ၉ ၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ လိုက်ပါလာတဲ့ အိမ်စီးကားတွေ မင်းကွန်း-စစ်ကိုင်းလမ်းပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခံရပြီး ရွှေကျားအပါအဝင် သေဆုံးသူ ၇ယောက်ရှိခဲ့ကြောင်း သိရပါတယ်။
ဇန်နဝါရီလ ၇ရက်၊ ညနေပိုင်းမှာ မင်းကွန်းတိုက်နယ်ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်အုပ်စုအိမ်စီးကားတွေကို တော်လှန်ရေးအဖွဲ့တွေက လမ်းပိုင်းတစ်နေရာကနေ ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာလို့ People Servant Force (P.S.F) အဖွဲ့တာဝန်ခံ ကိုနက်ရှိုင်းက မောင်းကိုပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာတဲ့ စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်
အုပ်ချုပ်ရေးမှူးတစ်ဖြစ်လဲ ပျူစောထီးခေါင်းဆောင် ကျော်မျိုးထွန်း(ခ)ရွှေကျားနဲ့ ဇနီးသည် အပါအဝင် သေဆုံးသူ ၇ယောက်အထိ ရှိခဲ့ပါတယ်။
တိုက်ခိုက်မှုအပြီး တော်လှန်ရေးအဖွဲ့တွေက စစ်အုပ်စု ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး BA63 အမျိုးအစား G3 ရိုင်ဖယ်သေနတ် ၆ လက် ၊ ကျည်ဘောက် ၇ ဘောက် ၊ ၇.၆၂ ကျည် ၃၂၇ တောင့် ၊ လက်ပစ်ဗုံး ၃ လုံး ၊ အီကွေ့မန့် ၄ ခု နဲ့ ရဲဦးထုပ် ၂ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
” မင်းကွန်းမှာ ဒီကောင်တွေ ရိက္ခာပို့ လူချိန်းပြီးပြန်လာတဲ့အချိန် တိုက်ခိုက်ခဲ့တာပါ။ စစ်သား၊ရဲနဲ့ ပျူတွေပါပါတယ်။ ဒဗယ်ကပ် ရိန်းဂျားဖိုးဝှီးကားတစ်စီးရယ် ရိုးရိုးအိမ်စီးကားရယ်နဲ့ လာကြတာ။ တိုက်ခိုက်မှုထဲ သေတဲ့သူတွေအပြင် ထွက်ပြေးသွားတာ ၁ယောက်အပြင် လွှတ်ပေးလိုက်တာ ၁ယောက်ရှိတယ်။ လွှတ်ပေးလိုက်တယ်ဆိုတာကလည်း အဲ့လူမှာ လက်နက်မပါတာရယ် ရွှေကျားလိုက်လာတဲ့ကားမှာ ကျည်ရှပ်ထိထားတဲ့ကလေး၂ယောက် ဒုက္ခဖြစ်မှာစိုးလို့ပါ။” လို့ People Servant Force (P.S.F) အဖွဲ့တာဝန်ခံ ကိုနက်ရှိုင်းက မောင်းကိုပြောပါတယ်။
ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ ရွှေကျားဟာ စစ်ကိုင်းမြို့နေ အရပ်သားပြည်သူတွေကြား နာမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်တာနဲ့အညီ ပြည်သူတွေကို လက်နက်ပြ ဗိုလ်ကျတာ၊ စစ်မှုထမ်းဆက်ကြေးကောက်ခံတာတွေရှိသလို စစ်ကိုင်း တပ်မ ၃၃ အထိ ပေါက်ရောက်သူတစ်ယောက်ဖြစ်တယ်လို့လည်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို People Servant Force ( P.S.F ) နဲ့အတူ Road to Mandalay အဖွဲ့သားတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ အထက်ပါတော်လှန်ရေးအဖွဲ့တွေက စစ်ကိုင်းမြို့နယ်၊ လက်ပံရွာအုပ်ချုပ်ရေးမှူးဖြစ်သူကိုလည်း ကျေးရွာလက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ပျူစောထီးခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရပြီး သိမ်းဆည်းရမိတဲ့လက်နက်များ