အမ်း၊ ဂွနဲ့ တောင်ကုတ် ရိုးလမ်း (၃) ခုပေါ်ရှိ စစ်ကောင်စီစခန်းများအားလုံးနီးပါးကို AA ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်

by

in

အမ်း၊ ဂွနဲ့ တောင်ကုတ် ရိုးလမ်း (၃) ခုပေါ်ရှိ စစ်ကောင်စီစခန်းများအားလုံးနီးပါးကို AA ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်
ဇန်နဝါရီ ၈/၂၀၂၅
ရခိုင်ပြည်နဲ့ ဗမာပြည်ကို ဆက်သွယ်ထားတဲ့ အမ်း၊ တောင်ကုတ်နှင့် ဂွ ရိုးလမ်း (၃) ခုပေါ်ရှိ စစ်ကောင်စီ စခန်းတွေအားလုံးနီးပါးကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုပါတယ်။
အမ်-ပဒါန်းလမ်းပေါ်ရှိ ရိုးမလမ်းပေါ်ရှိ တောင်စောက်စခန်းတွေအပါအဝင် နတ်ရေကန် အရောက်ထိ စစ်ကောင်စီစခန်းများအားလုံးကို သိမ်းပိုက်လိုက်သလို တောင်ကုတ်နဲ့ ပန်းတောင်း ရိုးလမ်းပေါ်ရှိ တောင်ပုံကြီး စခန်းကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ဆိုပါတယ်။
အလားတူ ဂွ- ငသိုင်းချောင်း ရိုးလမ်းပေါ်ရှိ ၂၄ မိုင် အနီးအထိုင်ချထားတဲ့ အမြောက်စခန်း၊ ၂၅ မိုင် ဗေဒါစခန်းတို့ကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီတိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာတော့ လက်ရှိ တိုက်ပွဲဆင်နွှဲနေတဲ့ ရိုးတောင်ပေါ် ၃ ခုစလုံးမှာ အခြေအနေကောင်းနေပြီး အောင်မြင်မှုရနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် စခန်းသိမ်းမှုအခြေအနေများကိုတော့ တိုက်ပွဲတချို့ ဆက်ဖြစ်နေတုန်းဖြစ်တဲ့အတွက် ထုတ်ဖော် ပြောဆိုရန် မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။
Narinjara