ပခုက္ကူ-မြစ်ခြေ လမ်းပိုင်းနှင့် မြိုင်-ပခုက္ကူ လမ်းပိုင်း တို့တွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးနှင့် စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံး (ရုပ်/သံ)
ရန်ကုန်၊ ဇန်နဝါရီ ၈
မကွေးတိုင်း၊ ပခုက္ကူ-မြစ်ခြေ လမ်းပိုင်းနှင့် မြိုင်-ပခုက္ကူ လမ်းပိုင်း တို့တွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးနှင့် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ အဖွဲ့က ပြောဆိုသည်။
ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပခုက္ကူ-မြစ်ခြေ လမ်းခွဲမှ ကောင်းစက်ဝိုင်ဆီဆိုင်အနီးကို အောင်သာပျူစောထီးရွာမှ ပျူစောထီး ၁၁ ဦးသည် ပခုက္ကူတပ်မ ၁၀၁ ကို အစည်းအဝေး တက်ရောက်ရန် ကားဖြင့် ထွက်ခွာလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အောင်သာပျူ ဒုခေါင်းဆာင် နိုင်ဝင်း နှင့် တပ်မ ၁၀၁ မှ ပျူစောထီး သင်တန်း ဆရာ အပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ စီးနင်းလာသောကားမှာလည်း တိမ်းမှောက်သွားကြောင်း၊ ထိုကားကို တပ်မ ၁၀၁ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အုပ်စုမှ ကရိန်းကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ ရောက်ရှိလာသောကြောင့် ပျူစောထီးများ၏ လက်နက်ခဲယမ်းများကို သိမ်းယူနိုင်ခြင်းမရှိဘဲ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာခဲ့နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပခုက္ကူ မှ မြိုင် ဘက်ကို ရိက္ခာပို့ရန် ထွက်လာသည့် အင်အား ၂၀၀ နီးပါးပါ အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မြိုင်-ပခုက္ကူ လမ်းပိုင်း တစ်နေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ထိတိုက်ပွဲ ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို စစ်ကြောင်းသည် မြိုင်မြို့ဘက်ကို ဆက်လက်ဦးတည်နေပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့် မကြာခဏ ထိတွေ့မှုများ ဖြစ်ပွားနေ၍ ပြည်သူများအနေဖြင့် စစ်ရေး သတိဖြင့် သွားလာ နေထိုင်ပေးကြရန် မြိုင် ပကဖ က အသိပေး ပြောဆိုထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပကဖ အမှတ် ၁ တပ်ရင်း ၊ မြိုင် ပကဖ ၊ ပေါက် ပကဖ ၊ ကမ္မတပ် ပေါင်းစု ၊ ပခုက္ကူခရိုင်အမှတ် ၂၊ ၆၊၇ တပ်ရင်းများ ၊ PPDF ၊ PLC တပ်ဖွဲ့ ၊ 8+ တပ်ဖွဲ့ ၊ အရှေ့ပိုင်းဇုန် ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။