ဖြူးနဲ့ အုတ်တွင်းမှာ ၆ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော်သေ
ဇန်နဝါရီ ၇ ၊ ၂၀၂၅
ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ (၆)ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တွေမှာ မျက်နီကွင်း၊ ကြူအင်း၊ သရက်ကုန်း၊ နှောခင်၊ ဂရမ်မတီး၊ ထန်းကုန်း၊ ဝက်ကုန်းကျေးရွာတွေမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာလ (၂၆)ရက်က စတင်ပြီး ဒီဇင်ဘာလ (၃၁) ရက်အထိ (၆)ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းတွေ၊ လက်နက်ကြီးပစ်ကူတွေ၊ မိုင်းတွေနဲ့ ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀)ကျော် သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် (၁) ယောက် ကျဆုံးခဲ့ရသလို (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ အမှတ်(၃၅၀၂) တပ်ရင်း စစ်တောင်းစစ်ကြောင်း၊ ဧရာဝတီအမှတ် (၃) တပ်ရင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့(၃)၊ အုတ်တွင်းမြို့နယ် ပကဖ၊ ဖြူးမြို့နယ် ပကဖ၊ သရက်ခရိုင် အမှတ်(၄၃၀၂)တပ်ရင်း၊ နတ်မောက်မြို့နယ် ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ဇရပ်ကြီးမြို့ အခြေစိုက် ခလရ(၇၃)၊ အုတ်ဖြတ်၊ ကန်ကလေးကျေးရွာတွေက ဟောင်ဝစ်ဇာ၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၁၁) ယောက် သေဆုံးခဲ့ပြီး (၁၂) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဘာသာရေးအဆောက်အဦးတွေနဲ့ နေအိမ်အဆောက်အအုံတွေ အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တော်လှန်ရေးရဲဘော်တွေ ကိုင်ဆောင်လေ့ရှိတဲ့ သေနတ်တွေ၊ ယူနီဖောင်းတွေ ဝတ်ဆင်ကာ ပြည်သူနေအိမ်တွေက ပစ္စည်းတွေ ခိုးယူခြင်း၊ ပြည်သူတွေကို ရိုက်နှက် နှိပ်စက်ခြင်းတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။