ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် တစ်ရက်လျှင် ၄ နာရီအောက်သာ လျှပ်စစ်မီးပေးနိုင်တော့သဖြင့် ရေနှင့် လျှပ်စစ်မီး ချွေတာကြရန် စစ်ကောင်စီက စတင် နှိုးဆော်

by

in

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် တစ်ရက်လျှင် ၄ နာရီအောက်သာ လျှပ်စစ်မီးပေးနိုင်တော့သဖြင့် ရေနှင့် လျှပ်စစ်မီး ချွေတာကြရန် စစ်ကောင်စီက စတင် နှိုးဆော်
ရန်ကုန်၊ ဇန်နဝါရီ ၆

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် တစ်ရက်လျှင် ၄ နာရီအောက်သာ လျှပ်စစ်မီးပေးနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းရှိ မြို့နယ်များတွင် အုပ်စု ၃ ခုခွဲ၍ ၄ နာရီမီးပေးပြီး ၈ နာရီမီးဖြတ် စနစ်ကို စတင်ကျင့်သုံးနေသော်လည်း လက်ရှိ လျှပ်စစ်မီး ရရှိမှုမှာ တိုးတက်မလာသည့်အတွက် မြို့နယ်တစ်ခုလျှင် တစ်နေ့လျှင် ပျှမ်းမျှ ၄ နာရီဝန်းကျင်သာ မီးရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီက ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများ၊ နိုင်ငံပိုင် ရုပ်သံနှင့် ရေဒီယိုများမှတစ်ဆင့် လျှပ်စစ်မီးကို ချွေတာရန်၊ ရေကို ချွေတာသုံးရန်အတွက် ပြည်သူများကို စတင် နှိုးဆော်မှုများ လုပ်ဆောင်လာနေကြောင်း သိရှိရသည်။
ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် “ညအိပ်ချိန်တွင် လျှပ်စစ်မီးများ ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို နေ့စဉ် ချွေတာသင့်ပါသည်” ဟု ဖော်ပြထားသည်။
“ညပိုင်းကို လျှပ်စစ်မီးက လာကိုမလာတာလေ။ ဘယ်ကို သွားပိတ်ရမှာတုန်း။ အခုက နေ့ရော ညရော ပျက်နေတာ။ တစ်နေ့ကို ၂ နာရီ ဆက်တိုက်တောင် မလာတော့ဘူး” ဟု တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။
လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်သည့် နည်းလမ်းများ အဖြစ် အိမ်ပြင်ပတွင် ထွန်းထားသော မီးများကို နေ့အလင်းရောင် ရရှိချိန်တွင် ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာရန်လည်း စစ်ကောင်စီက ပြည်သူများကို တိုက်တွန်းထားသည်။
ထို့ပြင် စစ်ကောင်စီက ပြည်သူများအနေဖြင့် ရေချွေတာရန် တိုက်တွန်းလိုက်ပြီး ရေချွေတာရေး နည်းလမ်းများအဖြစ် “သွားတိုက်နေစဉ် ဘုံပိုင်ခေါင်း ဖွင့်မထားပါနှင့်၊ သွားတိုက်လျှင် ရေဖန်ခွက် အမြဲသုံးပါ၊ ယာဉ်များ ဆေးကြောလျှင် ရေပိုက်မသုံးပါနှင့်၊ ရေဖြည့်ထားသောပုံးဖြင့် ယာဉ်များကို ဆေးကြောပါ” ဟု အကြံပြု တိုက်တွန်ထားသည်။
တစ်နိုင်ငံလုံးတွင် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဓာတ်အား ၅၄၄၃ မဂ္ဂါဝပ်ရှိသော်လည်း လက်ရှိတွင် တစ်ရက်လျှင် ဓာတ် အား ၁၇၀၀ မဂ္ဂါဝပ် ဝန်းကျင် ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းကျော်ဝန်းကျင်သာ ထုတ်လုပ်နိုင်ကြောင်း၊ အဓိကအားဖြင့် ရတနာကမ်းလွန်သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း ပြုပြင်နေခြင်းကြောင့် ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားထုတ်စက်ရုံများ မှာ ဓာတ်အား ထုတ်လုပ်မှု အကြီးအကျယ် လျော့ကျလျက်ရှိကြောင်း၊ အခြားတစ်ဖက်တွင်လည်း ယမန်နှစ်အတွင်း​ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော ရေအားလျှပ်စစ်စက်ရုံများမှာလည်း ပြန်လည် ပြင်ဆင်နိုင်သေးခြင်းမရှိကြောင်း၊ လာမည့်နွေရာသီကာလတွင်လည်း လက်ရှိ ထုတ်လုပ်နေသော ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံများတွင် ရေအားလျှော့နည်းလာမည်ဖြစ်၍ ရေအားလျှပ်စစ်ထုတ်လုပ်မှုမှာ ၃၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားနိုင်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနအသိုင်းအ၀ိုင်းက ထုတ်ဖော်ပြောဆိုသည်။