၂၀၂၅ ခုနှစ်တွင် ဆီးရီးယား အာဏာရှင် အာဆတ် နိုင်ငံမှ ထွက်ပြေးရသကဲ့သို့ မင်းအောင်လှိုင်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ချေမှုန်းရန် ရည်မှန်း၊ NUG ဝန်ကြီးများ အပြောင်းအလဲရှိနိုင်ဟု ယာယီသမ္မတက ဒူဝါလရှီးလ ပြောဆို

by

in

၂၀၂၅ ခုနှစ်တွင် ဆီးရီးယား အာဏာရှင် အာဆတ် နိုင်ငံမှ ထွက်ပြေးရသကဲ့သို့ မင်းအောင်လှိုင်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ချေမှုန်းရန် ရည်မှန်း၊ NUG ဝန်ကြီးများ အပြောင်းအလဲရှိနိုင်ဟု ယာယီသမ္မတက ဒူဝါလရှီးလ ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၆

ဆီးရီးယားနိုင်ငံတွင် အာဏာရှင်ခေါင်းဆောင် အာဆတ်နိုင်ငံမှ ထွက်ပြေးသွားရသကဲ့သို့ ယခု ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာ့မြေပေါ်မှ ပျောက်ကွယ်စေရေး အပြီးတိုင်ချေမှုန်း တိုက်ထုတ်သွားရန်ရည်မှန်းထားကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
Al Jazeera သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“၂၀၂၅ မှာကျနော်တို့က ဒုစရိုက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကျနော်တို့ မြေပေါ်ကနေ အပြီးတိုင်ချေမှုန်းဖို့ ရည်မှန်းထားပါတယ်။ ဆီရီးယားနိုင်ငံကနေ အာဆတ် ထွက်ပြေးသွားတဲ့ အလားတူအခြေအနေမျိုး ၂၀၂၅ ခုနှစ်မှာ Tipping Point ရောက်ဖို့ ကျနော်တို့ မျှော်မှန်းထားပါတယ်။ ကျနော်တို့အနေနဲ့ စစ်ကောင်စီကို နောက်ဆုံးပွဲသိမ်းထိုးနှက်ဖို့ ရှိပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
လက်ရှိ လက်နက်ကိုင်တော်လှန်ရေး အရေးကြီးသကဲ့သို့ အားလုံးပါဝင်စုဖွဲ့သည့် နိုင်ငံရေးလည်း အရေးကြီးကြောင်း၊ နိုင်ငံ တကာအသိုက်အဝန်းနှင့် ခိုင်မာသော သံတမန် ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများကလည်း အလွန်အရေးကြီး ကြောင်း ၊ လူထုနှင့်ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ပြီး သိမ်းပိုက်ထားသော နယ်မြေများတွင် ကောင်းမွန်သော အုပ်ချုပ်ရေး ထူထောင်ရေးမှာလည်း အရေးကြီးကြောင်း သမ္မတက ပြောဆိုသည်။
အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (International Criminal Court) ကဲ့သို့သော နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း မင်းအောင်လှိုင်ကို တရားစွဲဆိုရန် ကြိုးပမ်းနေပြီး NUG အနေဖြင့် အပြည့်အ၀ ထောက်ခံကြောင်း၊ မြန်မာနိုင်ငံအတွင်းလည်း မင်းအောင်လှိုင်ကို တရားစွဲရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၊ အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံတကာ ဝင်ရောက် စွက်ဖက်မှုကလည်း မရှိမဖြစ် လိုအပ်ကြောင်း သမ္မတက ပြောဆိုသည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ကောင်စီကို ဆက်သွယ်ခြင်း၊ ၎င်းတို့နှင့် ပေါင်းသင်းခြင်း၊ ၎င်းတို့ကို အသိအမှတ်ပြုခြင်းများကို ရပ်တန့်ရန် အလေးအနက် တိုက်တွန်းလိုကြောင်း သမ္မတက ပြောသည်။
မကြာသေးမီက ပြည်ပရောက် NUG အစိုးရ တာဝန်ရှိသူများ ပြည်တွင်းသို့ ပြန်လာရန် သမ္မတက တိုက်တွန်းခဲ့ပြီး အဆိုပါ ကိစ္စသည် အရေးကြီးကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး NUG အတွင်း ဆွေးနွေးနေသည်မှာ ၂ လခန့်ကြာမြင့်နေပြီဖြစ်ပြီး တချို့သော ဝန်ကြီးများက ရှေ့တန်းသို့ လာရောက်ရန်ကတိပြုထားကြောင်း သမ္မတက ဆက်ပြောသည်။
NUG အတွင်းတွင်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ရန်ရှိနေပြီး တော်လှန်ရေးတွင် ပါဝင်ကူညီလိုသည့် ထက်မြက် အရည် အချင်းရှိသော ပုဂ္ဂိုလ်များကို ကြိုဆိုရန် အမြဲတမ်း အဆင်သင့်ရှိနေကြောင်း၊ တော်လှန်ရေးကို အရှိန်မြှင့်ရန်နှင့် အားကောင်းလာစေရန် ၀န်ကြီးများကို အပြောင်းအလဲလုပ်ရန် အစီအစဉ်ရှိကြောင်း၊ သို့ရာတွင် အချိန်အတိအကျ မပြောနိုင်သော်လည်း ၂၀၂၅ ခုနှစ်အစောပိုင်းတွင် ထိုသို့ဆောင်ရွက်ရန် သဘောတူထားကြောင်း၊ ၂၀၂၅ ခုနှစ် အစောပိုင်းတွင် အပြောင်းအလဲ ရှိမည်ဖြစ်ကြောင်း သမ္မတက ပြောဆိုသည်။