တော်လှန်ရေးကို ပိုမိုကျစ်လျစ် အားကောင်းလာစေမည့် MDY PDF ၏ စစ်ကိုင်းတပ်မဟာ

by

in

တော်လှန်ရေးကို ပိုမိုကျစ်လျစ် အားကောင်းလာစေမည့် MDY PDF ၏ စစ်ကိုင်းတပ်မဟာ
ဒီဇင်ဘာ ၃၁၊ ၂၀၂၄

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းသွားမယ်လို့ မနေ့က ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
MDY PDF ဟာ ၂၀၂၄ ခုနှစ်အတွင်းမှာလည်း စစ်ကောင်စီအတွက် အထိနာစေမယ့် မစ်ရှင်အကြီးစားတွေကို ဖော်ဆောင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပြီး စိုးမိုးနယ်မြေ‌ အမြောက်အမြားလည်း ရရှိထားတဲ့ တပ်ဖွဲ့ဖြစ်ကြောင်း၊ လာမယ့် ၂၀၂၅ ခုနှစ်မှာလည်း စစ်ကိုင်းတိုင်းအတွင်းမှာ MDY PDF ရဲ့ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းပြီး စစ်ဆင်ရေး အရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
MDY PDF အနေနဲ့ စစ်ကိုင်းတိုင်းတပ်မဟာသစ် ဖွဲ့စည်းမှုအပေါ် စစ်ရေးလေ့လာသုံးသပ်ချက်တွေ ရေးသားနေတဲ့ CDM ဗိုလ်ကြီး ဇင်ယော်ရဲ့ အမြင်ကို မောင်းက ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ..
“ဒါဟာ အညာမြေလတ်အတွက်တော့ ကောင်းတဲ့ အလားအလာတစ်ခုလို့ ကျနော်ကတော့ မြင်ပါတယ်… စစ်ကိုင်းတိုင်းထဲမှာက cele တိုက်ခိုက်ရေးသမားတွေရှိတယ်… ခေါင်းဆောင်တွေလည်း ရှိတယ်…ဒါပေမယ့် နယ်မြေစိုးမိုးမှုမရသေးဘူး…ကျစ်ကျစ်လျစ်လျစ် မဖြစ်သေးတဲ့ အနေအထားမျိုးပါ…အခု မန္တလေး PDF က စစ်ကိုင်းဘက်လာမယ်ဆိုတော့ စစ်ရေးအခင်းအကျင်းတွေက ပြောင်းသွားမှာပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
စစ်ကိုင်းတိုင်းဟာ ရှမ်းပြည်နယ်နီးပါးလောက် ကျယ်ပြန့်တဲ့ ဒေသတစ်ခုဖြစ်ပြီး ချင်း၊ ရှမ်းမြောက်၊ ကချင်၊ မန္တလေး စတဲ့ ဒေသတွေနဲ့လည်း ထိစပ်လျက်ရှိနေတာပါ။
ဗိုလ်ကြီးဇင်ယော်ကပဲ ဆက်ပြီး “ မန္တလေးသားတွေက စီမံကွပ်ကဲမှုလည်း ကောင်းသလို အချင်းချင်းလည်း စည်းလုံးညီညွတ်ကြတယ်…မန္တလေး နပခတိုင်းကနေတောင် မတ္တရာကို အရမ်းကြောက်နေတာလို့ ပြောလို့ရတယ်…ဒါကကောင်းတဲ့အရွေ့ပါပဲ ပိုပြီး ကျစ်ကျစ်လျစ်လျစ် ဖြစ်သွားပါတယ်” လို့ ဆိုပါတယ်။
အဆိုပါ စစ်ကိုင်းတပ်မဟာမှာ လာရောက်ပူးပေါင်းလိုတဲ့ စစ်သည်တော်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ကြိုဆိုဖိတ်ခေါ်ပြီး စစ်ကိုင်းအတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့လည်း စစ်ဆင်ရေးတွေကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ MDY PDF က ဆိုထားပါတယ်။