ရန်ကုန်နှင့် မန္တလေးတွင် စစ်တပ်လက်အောက်ခံ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ရပ်ကွက်ရုံးသို့ ဆင့်ခေါ် ငွေကြေး ခြိမ်းခြောက်တောင်းနေ
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက စစ်မှုထမ်းဥပဒေအကြောင်းပြ၍ နည်းမျိုးစုံ ငွေညှစ်မှုများ ပိုမိုဆိုးရွားလာပြီး ငွေကြေးမပေးနိုင်သူများကို အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူ ခြိမ်းခြောက်မှုများ လုပ်ဆောင်လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဆင်ဖုန်ကျေးရွာတွင် စစ်မှုထမ်းကြေးဟုဆိုကာ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေး အဖွဲ့ဝင်များက ငွေကြေး ပေးနိုင်ခြင်းမရှိသော ပြည်သူများကို ရပ်ကွက်ရုံးခေါ်၍ စစ်မှုထမ်းခိုင်းမည်ဟုဆိုကာ ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေး အဖွဲ့ဝင်များသည် ဧပြီလတွင် ကျေးရွာအတွင်းရှိ တစ်အိမ်လျှင် ငွေကျပ် ၂ သိန်း စတင်ကောက်ခံပြီးနောက် လစဉ် ၃၀၀၀၀ ကျပ် လိုက်လံကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်မှုထမ်းကြေး အတွက်ဆိုပြီး အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေက လတိုင်း ပိုက်ဆံကောက်နေပါတယ်။ ၄ လပိုင်းထဲက အခုချိန်ထိ အမြဲထည့်နေရပါတယ်။ ငွေကြေးမထည့်နိုင်တဲ့ သူတွေကို ရုံးမှာခေါ်ပြီး ပိုက်ဆံထည့်မလား။ မဲနှိုက်မလားဆိုပြီးခေါ် ခြိမ်းခြောက်တယ်။ တကယ်မပြေလည်လို့ မထည့်နိုင်ဘူးဆိုတာလည်းမရဘူး။ မထည့်ရင် စစ်တပ်ထဲ ဝင်ရမယ်ဆိုပြီး ခြိမ်းခြောက်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မြောက်ဥက္ကလာမြို့နယ် ၂ ရပ်ကွက် မေတ္တာလမ်း ရာအိမ်မှူး မျိုးမြင့်နှင့် လူမိုက်အဖွဲ့က မီးကင်းကြေးနှင့် ဧည့်စာရင်းကြေးဟုဆိုကာ ပြည်သူများထံမှ လစဉ် တစ်အိမ်လျှင် ငွေကျပ် ၆၅၀၀ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ရာအိမ်မှူး မျိုးမြင့်၏ အကိုဖြစ်သူသည် ရပ်ကွက်အတွင်းရှိ ဆိုင်ကယ်များကို လိုက်လံဖမ်းဆီးနေသော ပျူစောထီး အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘေးတွဲဆိုင်ကယ်များကို အကြောင်းမဲ့ ဖမ်းဆီး၍ နေ့စဉ် သိန်းချီရရှိနေကြောင်း သိရသည်။
“ရာအိမ်မှူး မျိုးမြင့်က မီးကင်းကြေးဆိုပြီး တစ်အိမ်ကို ၃၀၀၀ ကောက်တယ်။ နောက်ပြီး ဧည့်စာရင်းဆိုပြီးတော့ မိသားစု တစ်စုကို ၃၅၀၀ လစဉ်ပေးနေရတယ်။ လမ်းထဲမှာ နေထိုင်တဲ့ မိသားစု တော်တော်များများက တစ်နေ့လုပ် တစ်နေ့စားတွေဆိုတော့ တကယ်မတတ်နိုင်ဘူး။ မပေးရင်လည်း ခြိမ်းခြောက်တာတွေရှိတော့ ပြည်သူတွေက ကြောက်ပြီးရှာဖွေပေးနေရတယ်။ သူ့ရဲ့ အကို ဖြစ်သူက ဆိုင်ကယ်တွေ လိုက်ဖမ်းတယ်။ ညီဖြစ်သူက ဧည့်စာရင်းတိုင်လုပ်ငန်းနဲ့ မီးကင်းကြေးလိုက်ကောက်တဲ့ အလုပ်လုပ်နေတာပါ မိန်းမဖြစ်သူက ရွှေတွဲလောင်းဖြစ်နေပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မြောက်ဥက္ကလာမြို့နယ်၊ ခြောက်ကွေ့ ပိတောက် ၇ လမ်းသွယ် ကျူးကျော်ရပ်ကွက်တွင်နေထိုင်သော စစ်တပ် ဒေါက်တိုင် ကျော်သူရက ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများနှင့် လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်မှုများ လုပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ စစ်တပ် ဒေါက်တိုင် ကျော်သူရသည် အကြမ်းဖက် စစ်တပ်က ပေးထားသော ဆက်သွယ်စက်လည်း ကိုင်ဆောင်ထားသူဖြစ်ပြီး လူငယ်များကို စောင့်ကြည့်၍ စစ်တပ်ကို ပေါ်တာဆွဲ ဖမ်းဆီးခိုင်းကာ မိသားစုဝင်များထံမှ ငွေကြေးတောင်းခံပြီး လိုက်ထုတ်ပေးသည့်ပွဲစားလုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
စစ်တပ် ဒေါက်တိုင် ကျော်သူရသည် စစ်ဘောင်းဘီ အမြဲဝတ်ဆင်သူဖြစ်ပြီး ခြောက်ကွေ့ လက်ဖက်ရည်ဆိုင်တွင် အမြဲထိုင်လေ့ရှိသူဖြစ်ကြောင်း၊ PDF တပ်ဖွဲ့ဝင်များကိုလည်း စိန်ခေါ်နေသူဖြစ်ကြောင်း သိရှိရသည်။
“မြောက်ဥက္ကလာမြို့နယ် ခြောက်ကွေ့ ပိတောက် ၇ လမ်းသွယ် ကျူးကျော် ရပ်ကွက်မှာ နေထိုင်တဲ့ စစ်တပ် သတင်းပေး ကျော်သူရ သည် ဘေးတွဲဆိုင်ကယ် သမားတွေပါမကျန် လူငယ်တွေကို ပေါ်ပေါ်တင်တင် ပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေပါတယ်။ ကျော်သူရက PDF တွေကို စိန်ခေါ်ပြီး လက်ဖက်ရည်ဆိုင်မှာ ပြောဆိုလေ့ရှိပါတယ်။ သူက စစ်ဘောင်းဘီ အမြဲဝတ်တယ်။ PDF တွေကို မကြောက်ဘူး ကြိုက်တဲ့ကောင်လာခဲ့လို့ ပြောပါတယ်။ လမ်းသွားလမ်းလာတဲ့ လူငယ်တွေကို ကျော်သူရက မျက်ခြေမပြတ်စောင့်ကြည့်ပြီး စစ်တပ်ကို ဖမ်းဆီးခိုင်းတယ်။ ကျော်သူရကိုလည်း စစ်တပ်က စကားပြောစက်ပေးထားတယ်။ အမြဲသတင်းပေးတာတွေလုပ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် ခင်ကြီးယ ကျေးရွာ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေးဟုဆိုတာ လစဉ် တစ်အိမ်ကို ငွေကျပ် ၄၀၀၀၀ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလပိုင်းမှစတင်ပြီး ပျော်ဘွယ်မြို့နယ် ကံသာအုပ်စု ခင်ကြီးယ ကျေးရွာ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်း လူငှားရန်ဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ် ၄၀၀၀၀ လိုက်လံ ကောက်ခံနေခြင်းဖြစ်ပြီး ကျေးရွာတွင် တစ်နေ့လုပ် တစ်နေ့စား မိသားစုဝင်များ များပြားခြင်းကြောင့် လစဉ်ပေးဆောင်ရန် ခက်ခဲနေကြောင်း သိရသည်။