စစ်အာဏာသိမ်းကာလအတွင်း ချင်းညီနောင်တပ်ဖွဲ့ဝင် ၂၅၀ ခန့်ကျဆုံး ၊ ၁,၀၀၀ ခန့်ဒဏ်ရာရ
———————————————————————–
ပါခွီး
(မဇ္ဈိမ) ။
။ စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် လေးနှစ်တာကာလအတွင်း ချင်းပြည်နယ်နှင့် နီးစပ်သော နယ်မြေများအတွင်းဖြစ်ပွားသည့် တိုက်ပွဲများ၌ ချင်းညီနောင်တပ်ဖွဲ့ ဝင် ၂၅၀ခန့်ကျဆုံး ခဲ့ပြီး ဦးရေ ၁,၀၀၀ခန့် ဒဏ်ရာရရှိထား ကြောင်း ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ပြောသည်။
၂၀၂၃ခုနှစ် ဒီဇင်ဘာလ၃၀ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ချင်းညီနောင်အဖွဲ့သည် ယနေ့တွင် ဖွဲ့စည်းတည်ထောင်ခြင်း တနှစ်ပြည့်ပြီဖြစ်သည်။ အဖွဲ့၏ တနှစ်ပြည့်အခမ်းအနားကို အွန်လိုင်းမှ ပြုလုပ်ခဲ့ချိန်တွင် စစ်ရေးအစီခံခြင်းအစီအစဥ်၌ ဥက္ကဋ္ဌက ပြောဆိုခဲ့ခြင်းဖြစ်သည်။
၎င်းက “ချင်းညီနောင်အဖွဲ့ဝင်များက ချင်းပြည်နယ်တင်မက မကွေး၊ စစ်ကိုင်းတိုင်းနဲ့ ယောနယ်များမှာ မဟာမိတ်များနဲ့ ပူးပေါင်းတိုက်ပွဲခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။
ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် မြို့သိမ်း၊စခန်းသိမ်းများအပါအဝင် တိုက်ပွဲပေါင်း ၁,၀၀၀ကျော်တွင် ပါဝင်ခဲ့ကြောင်း ၎င်းကဆိုသည်။
ချင်းညီနောင်ဖွဲ့စည်းခဲ့သည် တနှစ်အတွင်း ချင်းပြည်နယ်ရှိ မြို့ကြီးလေးမြို့ဖြစ်သော ကျင်ဒွေး ၊ မတူပီ ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များကို သိမ်းပိုက်ရရှိခဲ့ပြီး ဖလမ်းမြို့ သိမ်းတိုက်ပွဲဆင်နွှဲနေကြောင်းသိရသည်။
အဆိုပါမြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီးငယ် ၁,၀၀၀ခန့် သိမ်းဆည်းရမိပြီး စစ်သုံ့ပန်း ၆၀၀ဦးဖမ်းဆီးရ၍ နိုင်ငံရေးအကျဥ်းသား ၃၀ဦးခန့်ကိုကယ်တင်နိုင်ခဲ့ကြောင်း စစ်ရေးအစီခံအရသိရသည်။
ယင်းမြို့သိမ်းတိုက်ပွဲများ၌ ချင်းညီနောင်တပ်ဖွဲ့ဝင် ၁၀၀ခန့်ကျဆုံးပြီး ၄၀၀ဦးခန့် ဒဏ်ရရာရရှိ ထားသည် ဟုဆိုသည်။
ချင်းညီနောင်ဖွဲ့စည်းခြင်း တနှစ်မြောက်အခမ်းအနားကို NUG ယာယီသမ္မတ ဒူဝါးလရှီးလ ၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦး အပါအဝင် တော်လှန်ရေး အဖွဲ့အစည်း များမှဂုဏ်ပြုစကားပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများကလည်း သဝဏ်လွှာများပေးပို့ခဲ့ကြသည်။
ချင်းညီနောင်အဖွဲ့သည် စစ်ရေးဖော်ဆောင်မှုများအပြင် ပြည်သူအုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများအကောင် ထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ ချင်းပြည်နယ်ဖွဲ့စည်းပုံကို ချင်းညီနောင်အဖွဲ့က ရေးဆွဲနေပြီး သဘောထားကွဲလွဲလျက်ရှိသော ချင်းအဖွဲ့အစည်းများအကြား ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်းလည်း အစီရင်ခံတင်ပြထားသည်။
ချင်းပြည်တခုလုံး စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်မှန်သမျှလက်အောက်မှ လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ကာ ချင်းအမျိုးသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် ချင်းပြည်တည်ဆောက်နိုင်ရန် အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ကဆိုသည်။
ချင်းညီနောင်အဖွဲ့ကို ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ၊ ဇိုမီးဖက်ဒရယ်ယူနီယံ(ZFU) ၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်) (CNC – Mindat) ၊ မရာနယ်မြေအုပ်ချုပ်ကောင်စီ (MTC) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ(၁) တို့ ပါဝင်ဖွဲ့စည်းထားပြီး ကြားကာလချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) နှင့် နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း – ဒီဇင်ဘာလ ၃၀ရက်တွင် ပြုလုပ်သည့် ချင်းညီနောင်ဖွဲ့စည်းခြင်း တနှစ်ပြည့်အခမ်းနားသို့ NUG ယာယီသမ္မတ ၊ဒုနိုင်ငံခြားရေးဝန်ကြီး နှင့် ချင်းညီနောင် စစ်ရေးချုပ်အပါအဝင် တက်ရောက်လာသူများ
#Mizzima
#ပြည်တွင်းသတင်း
#ချင်းညီနောင်