ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ ဒုစစ်ခေါင်းဆောင် နေ့ခြင်းပြန်လာရောက်ပြီး တပ်မိသားစုများကိုစည်းရုံးရေးဆင်း
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
ဧရာ၀တီတိုင်း၊ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဒုစစ်ခေါင်းဆောင် နေ့ခြင်းပြန်လာရောက်ခဲ့ပြီး တပ်မိသားစုများကို တွေ့ဆုံစည်းရုံးသိရှိရသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် ဖြစ်ပွားနေသော တိုက်ပွဲများတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များကို စစ်ကူစေလွှတ်ရာတွင် သေဆုံး၊ ဒဏ်ရာရသူ များပြားလာပြီး တပ်မိသားစုများအတွင်း စစ်ကောင်စီအပေါ်ဝေဖန်မှုများ မြင့်တက်လာသောကြောင့် ယခုကဲ့သို့ စည်းရုံးရေးလာဆင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
“နတခ လက်အောက်ခံတပ်တွေမှာလည်း ရခိုင်ဘက်ကို စစ်ကူသွားတဲ့အချိန်က လိုင်းခန်းတွေမှာ နာရေးကနေ့တိုင်းဖြစ်နေတာ။ တပ်မိသားစုတွေက စစ်ကောင်စီကိုတော်တော် မကျေနပ်ကြတော့ဘူးဆိုတာ သတင်းကြားလို့သူက တပ်အပေါ်သစ္စာရှိဖို့လာပြောပြီး၊ ထောက်ပံကြေးလေး နည်းနည်းပါးပါးလာပေးတာ”ဟု တပ်မိသားစုနှင့်နီးစပ်သူတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။
ခရီးစဥ်တွင် ပုသိမ်မြို့နယ် ၊ ရွှေမြင်တင်ကျေးရွာရှိ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သွားရောက်တွေ့ဆုံခဲ့ပြီးနောက်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် မဆရ ၄ ဆေးရုံတွင် တိုက်ပွဲမှ ဒဏ်ရာရသူများကိုလည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်AAတို့ ဖြစ်ပွါးသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်များအထိနာနေပြီး နယ်မြေခြင်းထိစပ်နေသော ဧရာ၀တိီတိုင်မ်းအတွင်းသို့ တိုက်ပွဲများ ဖြစ်ပွားလာပါက စစ်ကောင်စီတပ်သားများ စိတ်ဓါတ်ကျကာ နယ်မြေဆုံးရှုံးခြင်းများဖြစ်လာနိုင်သောကြောင့် ယခုကဲ့သို့
နေ့ခြင်းပြန်လာရောက်ကာ စည်းရုံးရေးဆင်းခြင်းဖြစ်နိုင်ကြောင်း မြို့ခံများမှ သုံးသပ်ပြောဆိုသည်။