အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တသော နိုင်ငံရေး မျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် တိုင်းရင်းသား ညီအစ်ကိုများ၏ အကောင်းဆုံး မိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု AA ထုတ်ပြန်

by

in

အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တသော နိုင်ငံရေး မျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် တိုင်းရင်းသား ညီအစ်ကိုများ၏ အကောင်းဆုံး မိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု AA ထုတ်ပြန်
ရန်ကုန်၊ ဒီဇင်ဘာ ၂၉

အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တသော နိုင်ငံရေး မျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် တိုင်းရင်းသား ညီအစ်ကိုများ၏ အကောင်းဆုံး မိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု အာရက္ခတပ်တော်က ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အာရက္ခတပ်တော်သည် အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လိုလား တောင့်တသော နိုင်ငံရေးမျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် မားမားမတ်မတ် ဆက်လက် ရပ်တည်ပြီး မြန်မာပြည်အတွင်းမှ တိုင်းရင်းသားညီအစ်ကိုများ၏ အကောင်းဆုံးသော ညီအစ်ကို မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း AA က ပြောဆိုထားသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အာရက္ခဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော မည်သည့်နိုင်ငံခြားရင်နှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသောသူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို မိမိတို့အနေဖြင့် အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။ လာရောက် ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် မိမိတို့အဖွဲ့ အစည်းသည် အဆိုပါ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ကိုလည်း လိုလားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ခဲ့သော အာရက္ခဒေသအတွင်းမှ အာရက္ခတပ်တော်၏ ထိုးစစ်များသည် မိမိတို့ အာရက္ခဒေသအတွင်းနေ ပြည်သူလူထုတစ်ရပ်လုံး၏ လိုလားသောဆန္ဒနှင့် အာရက္ခ ဒေသနေ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိကရည်ရွယ်ပြီး အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက်လည်း တိုက်ရိုက် အထောက်အကူပြုမည်ဟု အကြွင်းမဲ့ ယုံကြည်ကြောင်း၊ လွန်ခဲ့သောနှစ်ကာလများ၌လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တက်ကြွသော ဦးဆောင်မှုအောက်တွင် တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်မှုများပပျောက်ရေး၊ အွန်လိုင်းလောင်းကစား (ကျားဖျင်) တိုက်ဖျက်ရေး စသည့်ကဏ္ဍရပ်များတွင် မိမိတို့အဖွဲ့အစည်းသာမက ကိုးကန့်၊ တအာင်း အဖွဲ့အစည်းများနှင့်အတူ “ဟိုင်ဂင်သဘောတူညီချက်” ရရှိသည်အထိ မိမိတို့သည် စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက် များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိပါကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) သည် အာရက္ခပြည်သူလူထုတစ်ရပ်လုံး၏ ထောက်ခံမှုနှင့်အတူ အာရက္ခဒေသအတွင်းနေ လူမျိုးပေါင်းစုံ၏ အမျိုးသားတန်းတူရေး၊ ဒေသတစ်ခုလုံး ဖိနှိပ်အုပ်ချုပ်သူတို့လက်အောက်မှ လွတ်မြောက်ရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော အဓိက ရှေ့ဆောင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသည့် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။