တိုင်းပြည် အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း စစ်တပ်က ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် စိုးဝင်း ပြော
ဒီဇင်ဘာ ၂၉၊ ၂၀၂၄
တိုင်းပြည်မှာ အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း နိုင်ငံမပြိုကွဲရအောင် တပ်မတော်က ကယ်တင်နိုင်ခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ဒုတိယ ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ဒီဇင်ဘာလ ၂၈ ရက် မနက်ပိုင်းက ရန်ကုန်မြို့ အင်းတိုင်တပ်နယ်က စစ်မှုထမ်း သင်တန်းကျောင်းက စစ်သားတွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားလိုက်တာပါ။
“နိုင်ငံတော်မှာ အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့ရတိုင်း နိုင်ငံတော်မပျက်မယွင်း၊ မပြိုကွဲအောင် ထိန်းသိမ်းနိုင်တာက ကျစ်လျစ်ခိုင်မာအင်အား တောင့်တင်းတဲ့ တပ်မတော်တစ်ရပ်ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေးက ပြည့်ဝခိုင်မာနေဖို့ အထူးလိုအပ်ပါတယ်” လို့ စိုးဝင်းက ဝါဒဖြန့်ပြောကြားခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက သူတို့စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ ဧရာ၀တီတိုင်းနဲ့ ရန်ကုန်တိုင်းက တပ်ရင်းတပ်မဌာနချုပ်တွေကို သွားရောက်ပြီး စည်းရုံးပြောဆိုမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိနေပါတယ်။
ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း စစ်သားတွေနဲ့ စစ်သားဖြစ်ဖို့ သင်တန်းတက်ရောက်နေတဲ့ သင်တန်းသားတွေအားလုံးဟာ နိုင်ငံ့သားကောင်းရတနာတွေ ဖြစ်ပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူကြရမယ်လို့ စစ်မှုထမ်းဖို့ အတင်းအဓမ္မ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တွေကို စိုးဝင်းကပြောခဲ့ပါတယ်။
ဒုစစ်ခေါင်းဆောင်ဟာ ပုသိမ်မြို့ကို ရောက်ရှိစဉ်ကလည်း ရခိုင်ပြည်နယ်အတွင်းက ရက္ခိုင့်တပ်တော် AA နဲ့ စစ်တပ်ကြား ထိတွေ့တိုက်ပွဲတွေ ဧရာဝတီတိုင်းအတွင်း အချိန်မရွေး ဝင်ရောက်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ နတခ တိုင်းမှူးအသစ်ကို မှာကြားခဲ့သလို၊ ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားဖို့ ညွှန်ကြားခဲ့ပါသေးတယ်။
ဒါ့အပြင် သင်တန်းဆင်းစစ်မှုထမ်းတွေကို တိုက်ပွဲတွေမှာ ရဲရဲတိုက် ရဲရဲချေမှုန်းဖို့ လိုအပ်ကြောင်း ပြောကြားမှုတွေလည်း ရှိခဲ့ပါတယ်။