အတင်းအဓမ္မ စုဆောင်းခံထားရတဲ့ စစ်မှုထမ်း အပတ်စဉ် (၆) ကို သင်တန်းဆင်းပေးပြီး ရှေ့တန်းနယ်မြေတွေကို ပို့ဆောင်

by

in

အတင်းအဓမ္မ စုဆောင်းခံထားရတဲ့ စစ်မှုထမ်း အပတ်စဉ် (၆) ကို သင်တန်းဆင်းပေးပြီး ရှေ့တန်းနယ်မြေတွေကို ပို့ဆောင်
ဒီဇင်ဘာ ၂၇၊ ၂၀၂၄

နိုင်ငံတစ်ဝန်း အတင်းအဓမ္မ စုဆောင်းခြင်းခံထားရတဲ့ လူငယ်လူရွယ်တွေကို စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲကို ပြုလုပ်ပြီး ရှေ့တန်းနယ်မြေတွေဆီ စတင်ပို့ဆောင်နေပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
“နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ “ ဟုဆိုကာ စစ်ကောင်စီက အမှတ်စဉ် (၆) သင်တန်းဆင်းပွဲကို နိုင်ငံတစ်ဝန်းမှာပြုလုပ်ခဲ့တယ်လို့ ဝါဒဖြန့် ရေးသားခဲ့ပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၃ လအကြာမှာ သင်တန်းဆင်းပေးခဲ့တာ ဖြစ်ပါတယ်။
အမှတ်စဉ် (၆) သင်တန်းဆင်းတွေထဲမှာ စစ်ကောင်စီက အတင်းအဓမ္မ စုဆောင်းခြင်းခံရသူ ရာခိုင်နှုန်းက ၈၀ ရာခိုင်နှုန်းလောက်ပါဝင်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတချို့ကပြုလုပ်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်မှုထမ်းသင်တန်းသားခေါ်ယူမှုကို ၂၀၂၄ ခုနှစ် ဧပြီလမှာ စတင်လုပ်ဆောင်ခဲ့ပြီး သင်တန်းအပတ်စဉ် တစ်ခုမှာ အင်အား ၅,၀၀၀ နှုန်းနဲ့ တနှစ်ကို အင်အား ၆၀,၀၀၀ နှုန်း ခေါ်ယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အပတ်စဉ် (၆)က စတင်ပြီး လူစုဆောင်းဖို့ ခက်ခဲလာတာကြောင့် သတ်မှတ်ထားတဲ့ အရေအတွက်မပြည့်မီဘဲ သင်တန်းဖွင့်လှစ်ခဲ့ရမှုတွေလည်း ရှိခဲ့ပါတယ်။
စစ်မှုထမ်းဥပဒေထွက်လာပြီးတဲ့နောက် လူငယ်တွေဟာ စစ်ကောင်စီလက်က လွတ်မြောက်ဖို့ နည်းလမ်းမျိုးစုံနဲ့ ထွက်ပြေးကြပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ ဝင်ရောက်တဲ့ လူငယ်တွေရှိသလို၊ ပြည်ပကို ထွက်ပြေးတိမ်းရှောင်တဲ့ လူငယ်တွေလည်း ရှိနေပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းက အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားဦးရေ ထောင်ချီဟာ စစ်ကောင်စီရဲ့ မတရား စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ရှေ့တန်းကို အများဆုံးပို့ဆောင်ခြင်းခံနေရပါတယ်။
စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းသင်တန်းသား စုဆောင်းမှုဟာ အခုဆိုရင် အပတ်စဉ် ၈ အထိ ရောက်ရှိလာပြီဖြစ်ပြီး နိုင်ငံအနှံ့ လူသစ်စုဆောင်းဖို့ လူငယ်တွေ ရှားပါးလာတာကြောင့် သက်ကြီးပိုင်းတွေကိုပါမချန် ဆိုးဆိုးဝါးဝါး ပေါ်တာဆွဲမှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။