လူသတ်ကားလုသွားသူများအား မုံရွာပလဖက တစ်ရက်အတွင်း ဖမ်းမိ

by

in

မုံရွာမြို့လယ်တွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ် ဓားပြတိုက်မှုကျူးလွန်သည့်အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းမိ
ရန်ကုန်၊ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်ခေါင်တွင် လူသတ်ဓားပြတိုခိုက်မှုကျူးသည့်အဖွဲ့ကို ဖမ်းမိထားကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့က မုံရွာမြို့လယ်ခေါင်ရှိ နေအိမ်တစ်ခုအတွင်း လူတစ်စုက ဝင်ရောက်ကာ အိမ်ရှင်ဖြစ်သူ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး Toyota Wish အဖြူရောင်ကားတစ်စီးပါယူဆောင် သွားသည့် ဓားပြအဖွဲ့ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲဘော်များက သက်ဆိုင်ရာနယ်မြေအ လိုက်ရှိတော်လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဖော်ထုတ်ခဲ့ရာ ၁၂ နာရီအတွင်း ဖမ်းခဲ့ခြင်းဖြစ် ကြောင်း၊ ဓားပြတိုက်သူများ၏ ပစ်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းရှင် အသက် ၄၀ကျော် အရွယ် မမို့မို့စန်း သေဆုံးခဲ့ပြီး သားသမီး ၃ ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။
“အခုစစ်ကြောရေးဝင်နေပါတယ်။ အကုန်မိပါပြီ၊ ပြစ်မှုထဲမှာပါဝင်တဲ့ ယောက်ျားလေးတွေရော၊ အဲဒီကိစ္စကို ကြိုးကိုင်တဲ့သူတွေရော အကုန်မိထားပါတယ်။ မိန်းကလေးတွေရောပါတယ်။ အိမ်ထဲဝင် တိုက်တာက ၆ ယောက်၊ ကြိုးကိုင်တာက ၃ ယောက်ဆိုတော့ ၉ ယောက်လောက်ရှိတယ်။ခန့်မှန်း ပေါ့၊ ဖမ်းမိတဲ့သူတွေအားလုံး ကျနော့်ဆီမရောက်သေးဘူး။ ဖြန့်ကောက်နေရတာမို့၊ ပစ္စည်းသိမ်း ဆည်းမှုနဲ့ပတ်သက်လို့ကတော့ စစ်ဆေးနေတုန်းပဲ” ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ဖမ်းဆီးရရှိထားသည့် ဓားပြမှုကျူးလွန်သူများကို မုံရွာမြို့နယ် ပလဖ (တာဝန်ခံ)ကို အာကူးဦး ဆောင် ၍ မြို့နယ် ပလဖ တပ်ဖွဲ့ဝင် ရဲဘော်များကကြိုးစားမှုကြောင့် ၁၂ နာရီ အတွင်း ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲအရေးယူမှုများ၊ သက်‌သေခံထွက်ဆိုချက်များကို မှတ်တမ်းဓာတ်ပုံ များနှင့် တကွ ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ- ဓားပြတိုက်သူများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ စီးပွားရေးလုပ်ငန်းရှင် မမို့မို့စန်း။

မုံရွာမြို့မှာ သုံးရက်ဆက် လုယက်၊ ဓားမြတိုက်၊ ပြန်ပေးဆွဲ သတ်ဖြတ်မှုဖြစ်၊
သားသမီးသုံးဦးမိခင်၊ လုပ်ငန်းရှင် ပြည်သူအမျိုးသမီးကို ပြန်ပေးဆွဲသူတွေက သတ်ဖြတ်၊
ဘုန်းစိုး/MFP၊ ဒီဇင်ဘာ – ၂၆

စစ်ကိုင်းတိုင်းရဲ့ မြို့တော်၊ စစ်အုပ်စု ကြီးစိုးထားတဲ့ မုံရွာမြို့မှာ ပြန်ပေးဆွဲ၊ လုယက်၊ ဓားမြတိုက်မှု သုံးရက်ဆက် ဖြစ်ပွားခဲ့ပြီး ဒီကနေ့ မနက်ပိုင်း ဖြစ်ပွားတဲ့ ပြန်ပေးဆွဲမှုတစ်ခုအတွင်း စီးပွားရေး လုပ်ငန်းရှင် ပြည်သူ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ လည်း ရှိပြီး စစ်အုပ်စုနဲ့ ပျူစောထီးတွေ ကြီးစိုးထားတဲ့ မုံရွာမြို့မှာ ဒီဇင်ဘာလ ၂၄၊ ၂၅ နဲ့ ၂၆ ရက် တွေမှာ သုံးရက်ဆက် လုယက်မှု၊ ဓားမြတိုက်မှုနဲ့ ပြန်ပေးဆွဲ သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၆ ရက် ဒီကနေ့ မနက်အစောပိုင်း မုံရွာမြို့၊ သလ္လာရပ်ကွက် မိုးကောင်းဘုရားလမ်းပေါ်က လုပ်ငန်းရှင် အမျိုးသမီး တစ်ဦးကို လက်နက်ကိုင် လူလေးဦးက ပြန်ပေးဆွဲဖို့ ဖမ်းဆီးရာမှာ ထွက်ပြေးမိတဲ့အတွက် သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ထားခဲ့ပြီး အိမ်စီးကားကို လုယက်မောင်းနှင် ယူဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဓားမြတိုက်တာ မဟုတ်ဘူး၊ ပြန်ပေးဆွဲဖို့ လာတာ၊ ကောင်မလေးက ထွက်ပြေးတော့ သေနတ်နဲ့ လေးချက် ပစ်ထားခဲ့ပြီး သူတို့ အိမ်က ကားကို မောင်းပြေးကြတာ”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
ပြန်ပေးဆွဲသမားတွေရဲ့ ပစ်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး သေဆုံးခဲ့ပါတယ်။ သေဆုံးသူဟာ အသက် ၄၀ကျော် အရွယ် မမို့မို့စန်း ဖြစ်ပြီး သားသမီး သုံးဦးရဲ့ မိခင်ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂၅ ရက် မနေ့ကလည်း မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်က ကား၀ပ်ရှော့တစ်ခု ဓားမြတိုက်ခံရကာ ငွေကျပ် သိန်း၄၀၀ ကျော် ပါသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
“လက်နက်တွေလည်း ပါတယ်၊ ၀ပ်ရှော့ပိုင်ရှင်ကတော့ အရိုက်ခံရတယ်၊၊ ကလေး (၀ပ်ရှော့ အလုပ်သမား) တွေ ကိုကျ မှောက်ခိုင်းပြီး ခေါင်း နင်းထားတာတဲ့၊ ပြီးမှ ရှိသမျှ ပိုက်ဆံ အကုန်ယူသွားကြတာ”
ဒါ့အပြင် ဒီဇင်ဘာလ ၂၄ရက်ကလည်း မုံရွာမြို့ သာစည်လမ်းပေါ်မှာ ဆိုင်ကယ်စီး သွားလာနေတဲ့ နိုင်ငံတကာ ကျောင်းတစ်ကျောင်းက ကျောင်းဆရာမတစ်ဦး လုယက်ခံရပြီး ငွေကျပ် ရှစ်သိန်းကျော်၊ I Phone 15 Pro ဖုန်းတစ်လုံးနဲ့ Samsung ဖုန်းတစ်လုံး ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လုခံရတဲ့ ဆရာမက ဆိုင်ကယ်စီးနေတုန်း လွယ်အိပ်ကို ဆွဲလုပြီး ဆိုင်ကယ်ကို ကန်သွားတာ ပြောတယ်၊ ဖုန်း နှစ်လုံးနဲ့ ပိုက်ဆံ ရှစ်သိန်းကျော် ပါသွားတယ်၊ လူကတော့ ပွန်းပဲ့ဒဏ်ရာရသွားတာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
မုံရွာမြို့မှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ယခု ဒီဇင်ဘာလအတွင်း အထက်ပါ သုံးရက်ဆက် ပြန်ပေးဆွဲ၊ လုယက်၊ ဓားပြတိုက် လူသတ်မှုအပြင် မုံရွာမြို့ ရတနာပုံရပ်ကွက်က သက်ကြီးပိုင်း အမျိုးသမီး နှစ်ဦးနဲ့ ချမ်းမြ၀တီရပ်ကွက်က အမျိုးသားတစ်ဦး ပြန်ပေးဆွဲ ခံခဲ့ရတာ၊ ရန်ကင်းရပ်ကွက်နဲ့ လယ်တီရပ်ကွက်မှာ ဓားမြတိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့သေးတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မုံရွာမြို့မှာ စစ်အုပ်စုက ဂိတ်တွေဖွင့်၊ လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးရေးဂိတ်တွေထား၊ လုံခြုံရေး အတားအဆီးတွေ အများအပြား ပြုလုပ်ထားသလို အိမ်စီးကားတွေနဲ့ ပတ်ကင်း၊လှည့်ကင်းတွေ ရှိနေပေမယ့် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုနဲ့ လုယက်မှုတွေက လျော့မသွားဘဲ တလထက်တစ်လ ပိုမို ဆိုးရွားလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ မုံရွာမြို့ပေါ်မှာ ဖြစ်ပွားနေတဲ့ ပြန်ပေးဆွဲ၊ လုယက်၊ ဓားမြတိုက်မှုတွေကို ဖမ်းဆီးတာမရှိဘဲ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာ၊ ကုန်တင်ကားတွေ၊ ခရီးသွားကားတွေနဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီး ငွေညှစ်တာတွေသာ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
မုံရွာမြို့ သလ္လာရပ်ကွက်မှာ ဒီဇင်ဘာလ ၂၆ရက် မနက်ပိုင်း ပြန်ပေးဆွဲ ဖမ်းဆီးချိန် ပစ်ခတ် သတ်ဖြတ်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ပြည်သူ အမျိုးသမီးနဲ့ စစ်အုပ်စု/Photo – ပေးပို့

လူသတ်ကားလုသွားသူများအား မုံရွာပလဖက တစ်ရက်အတွင်း ဖမ်းမိ
ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လူသတ်ကားလုယူသွားသူများအား တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၂၆ရက် နံနက်ပိုင်းက မုံရွာမြို့ပေါ်၌ လူသတ်ပြီး ကားလုယူပြေးသူများအား မုံရွာမြို့နယ်ပလဖ တာဝန်ခံကိုအာကူး ဦးဆောင်၍ ရဲဘော်များက ၁၂နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း အသိပေးသည်။
ကျူးလွန်များ၏ ဓါတ်ပုံနှင့်တကွ နောက်ဆက်တွဲအရေးယူမှုများ၊သက်‌သေခံထွက်ဆိုချက်များကို ပြည်သူများအား တရားဝင် ထုတ်ပြန်သွားမည်ဟု မုံရွာပလဖက ထပ်မံအသိပေးသည်။
လူသတ်ကားလုသူများအား မုံရွာပလဖနှင့်အဟာမိတ်များက လိုက်လံဖမ်းဆီးခဲ့ရာ အက်တောရပ်ကွက်လမ်းပေါ်တွင် ကားထားထွက်ပြေးသွားပြီးနောက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ကျူးလွန်သူများအား ဖမ်းဆီးရမိ​ခဲ့သည့်အခြေအနေနှင့်ပတ်သက်၍ မုံရွာပလဖက ဆက်လက်ထုတ်ပြန်ပေးမည်ဟု ၎င်းအဖွဲ့တာဝန်ရှိသူက ပြောသည်။ ထို့အပြင် ဖမ်းမိသည့်အရေအတွက်ကိုလည်း မသိရသေးပေ။
မုံရွာမြို့၊ ဗိုလ်တေဇလမ်းမြောက်ပိုင်းဘက် မန်ကျည်းပင်စျေးအနီး၌ ကားလုယူခံရခြင်းဖြစ်ပြီး ကားပိုင်ရှင်အမျိုးသမီးမှာ သေနတ်ဖြင့် ၄ချက်ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့ကြောင်း၊လုယက်သူများမှာ လူငယ်အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင် ရေးသားထားသည်။
“ပစ်သတ်လုသွားတဲ့သူတွေထဲမှာ မိန်းကလေးတွေလည်းပါတယ် ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
၂၀၂၃သြဂုတ်ကလည်း မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းရှိ နေအိမ် ဓါးပြတိုက်ခံရပြီး သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။
၂၀၂၂ ဒီဇင်ဘာ ၂၀ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။
မုံရွာမြို့ပေါ်တွင် အာဏာသိမ်းကာလတလျှောက် ရွှေဆိုင်များ၊အခြားစီးပွားရေးလုပ်ငန်းများ မကြာခဏ ဓါးပြတိုက်ခံနေရပြီး လူသေဆုံးသည့်ဓါးပြမှုများပင် ရှိခဲ့သည်။
(လုယက်ခံရသောကားအား လမ်းဘေး၌ တွေ့ရစဥ်။ဓာတ်ပုံ – မုံရွာပလဖ)