ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ သုံးဖက်မြင် ရေတပ်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန်

by

in

ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ သုံးဖက်မြင် ရေတပ်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန်
ဒီဇင်ဘာ ၂၅၊ ၂၀၂၄

တပ်မတော်(ရေ)ကို သုံးဖက်မြင် စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်တဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဆင့် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
တစ်နိုင်ငံလုံးမှာ စစ်ရေးအရရှုံးနိမ့်နေတဲ့မင်းအောင်လှိုင်ဟာ သူ့ရဲ့ ရေတပ်က ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ (Three Dimensional Combat Ready Navy) အဖြစ်ကို ရောက်ရှိနေပြီလို့ ဒီဇင်ဘာ ၂၄ ရက်က (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အမွှန်းတင်ပြောကြားလိုက်တာပါ။
မြန်မာ့ပင်လယ်ပြင်နဲ့ ဆက်စပ်ပင်လယ်ပြင်တွေကို ဖြန့်ကျက်နိုင်စွမ်းရှိတဲ့ရေတပ် (Adjacent Force Projection Navy / Regional Navy) အဖြစ် တက်လှမ်းနိုင်ရေးအတွက်လည်း ကြိုးစားရမယ်လို့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ မင်းအောင်လှိုင်က သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်အတွင်း အကြီးမားဆုံး ရေတပ်ဌာနချုပ်တွေထဲက တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့က မောင်ရွှေလေး ရေတပ်စခန်းကိုလည်း လက်လွှတ်ဆုံးရှုံးထားရတာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ စစ်ရေးအသုံးစရိတ်တွေကို တိုးမြှင့်ကာ မနေ့က ပြုလုပ်တဲ့ရေတပ် နှစ်ပတ်လည် အခမ်းအနားမှာ (၁၃၅) မီတာဖရီဂိတ် သာလွန်မင်းစစ်ရေယာဉ်ကို သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ ရေချခြင်း ပြုလုပ်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံရဲ့ ပင်လယ်ပြင်နယ်စပ်တစ်လျှောက်မှာလည်း စစ်ကောင်စီက နယ်မြေတွေ ဆက်တိုက် လက်လွှတ်ဆုံးရှုံးထားရပြီး အာရက္ခတပ်တော် AA က နယ်စပ်ပင်လယ်ပြင် ကမ်းရိုးတန်းတွေကို အများဆုံး ထိန်းချုပ်ထားပါတယ်။
မင်းအောင်လှိုင်ဟာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နယ်၊ တပ်ရင်းဌာနချုပ်နဲ့ ဗိုလ်သင်တန်းဆင်းပွဲတွေမှာ သွားရောက်ပြီး စိတ်ဓာတ်ပျက်ပြားနေတဲ့ သူ့ရဲ့ စစ်ကောင်စီတပ်သားတွေကို စိတ်ဓာတ်မြှင့်တင်ရေးတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ညစ်ညမ်းစာပေ ထုတ်ဝေတယ် ဟုဆိုကာ စစ်ကောင်စီက စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို လိုင်စင်ပိတ်သိမ်း

ဒီဇင်ဘာ ၂၅၊ ၂၀၂၄

ညစ်ညမ်း စာပေထုတ်ဝေတယ်ဟုဆိုကာ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို စစ်ကောင်စီက လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြပါတယ်။

မြမိုရ်ရေးသားတဲ့ “မေတ္တာနှောင်သီ ချစ်ကြိုးချည်” စာအုပ်နဲ့ DIDI Zaw ရေးသားတဲ့ “Match Made in Clouds” စာအုပ်တို့မှာ ညစ်ညမ်းစာသားတွေ ပါဝင်တဲ့အတွက် အဲဒီစာအုပ်တွေကို ပုံနှိပ်ထုတ်ဝေတဲ့ Maple စာအုပ်တိုက်ကို ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီစာအုပ်တွေဟာ လူငယ်အကြိုက် သာမန်ဖျော်ဖြေရေးစာအုပ်တွေသာ ဖြစ်တယ်လို့ စာဖတ်သူတချို့က မှတ်ချက်ပေးကြသလို စစ်ကောင်စီရဲ့ ပြန်ကြားရေးက ပုံမှန်ထက် အာဏာကို ကျော်လွန်အသုံးပြုကာ စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေကို ဖိအားပေးနေခြင်း ဖြစ်တယ်လို့ စာပေအသိုင်းအဝိုင်းမှာ ထောက်ပြပြောဆိုလျက်ရှိပါတယ်။

စာ​ပေလုပ်ငန်းတွေကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်နဲ့ နိုင်ငံရေးစာပေရေးသားထုတ်ဝေခွင့်တွေအတွက် ပြင်းပြင်းထန်ထန် ကန့်သတ်တားမြစ်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကို ဖောက်ဖျက်တယ်ပြီး Right ပုံနှိပ်တိုက်၊ The Destiny Book House ပုံနှိပ်တိုက် နဲ့ “ရွှေနိုင်ငံ” စာပေနဲ့ပိုစတာ ဖြန့်ချိရေးလုပ်ငန်းတို့ကို စစ်ကောင်စီက လုပ်ငန်းလိုင်စင်ရုပ်သိမ်းခဲ့ပါသေးတယ်။