စစ်ကောင်စီကို နိုင်ငံတကာတရားဥပဒေအရ မြန်မြန်ဆန်ဆန်အရေးယူနိုင်ရေး NUG နှင့် ကုလကျွမ်းကျင်သူများ ဆွေးနွေး

by

in

စစ်ကောင်စီကို နိုင်ငံတကာတရားဥပဒေအရ မြန်မြန်ဆန်ဆန်အရေးယူနိုင်ရေး NUG နှင့် ကုလကျွမ်းကျင်သူများ ဆွေးနွေး
ထားအိ/People’s Spring
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာတရားဥပဒေအရ မြန်မြန်ဆန်ဆန်အရေးယူနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
NUG ယာယီသမ္မတ ဒူဝါလရှီးလဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များသည် ကုလသမဂ္ဂ ထိပ်တန်းအရာရှိဟောင်းများနှင့် ဖွဲ့စည်းထားသော အထူးအကြံပေးကောင်စီ(SAC-M)အဖွဲ့ဝင်များနှင့် ဒီဇင်ဘာ ၂၀ရက်တွင် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာဆက်ဆံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးပြောရေး
ဆိုခွင့်ရှိသူ ဦးကျော်ဇော်က People’s Spring သို့ ပြောသည်။
“ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်တာ၊ တရားမျှတမှု ရရှိရေး accoutability mechanism ၊ နိုင်ငံတရားစီရင်ရေးကဏ္ဍမှာ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာတရားဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတာတွေ၊ နိုင်ငံ
တကာခုံရုံးတွေ၊ ICC လိုမျိုး ဒီအတွင်းမှာ လူ့အခွင့်အရေးကို ကျူးလွန်နေတဲ့ မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကို တရားစီရင်ရေးကဏ္ဍမှာ သူတို့ရဲ့ အပြစ်ကို သူတို့ ရင်ဆိုင်အပြစ်ပေးနိုင်ရေးကိစ္စတွေကို ဘယ်လိုဆောင်ရွက်တယ်၊​ ဘယ်လိုပူးတွဲဆောင်ရွက်မယ်၊ မြန်မြန်ဆန်ဆန်နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင်လုပ်မယ်ဆိုတာတွေ ဆွေး
နွေးပြီး သူတို့ရဲ့ အကြံပြုချက်တွေ ရယူနိုင်ခဲ့ပါတယ်။ အင်မတန်မှ ကောင်းတဲ့ဆွေးနွေးပွဲတစ်ခုလို့ ပြောလို့ရပါတယ်” ဟု ဦးကျော်ဇော်က ရှင်းပြ
သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် နိုင်ငံတကာရာဇ
ဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ပေးရန် ICC တရားလိုရှေ့နေက နိုဝင်ဘာလကုန်ပိုင်းတွင် ရုံးတော်သို့ လျှောက်ထားခဲ့သည်။
ထို့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC အပါအဝင် နိုင်ငံအလိုက်အရေးယူနိုင်သော Universal Jurisdiction ကိစ္စရပ်များတွင်လည်း နိုင်ငံတဝန်း၌ စစ်ကောင်စီကဓာတုလက်နက်
(Chemical Weapon)အသုံးပြုတိုက်ခိုက်နေသော အချက်ကို သက်သေခိုင်မာအောင် လုပ်
ဆောင်ကာ တရားစွဲဆိုမှုများ ဆက်လက်ဖြစ်ပွားအောင် လုပ်ဆောင်သွားမည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းက ဒီဇင်ဘာ ၂၀ရက်တွင် ပြောကြားထားသည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ
(SAC-M)ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်(FFM)ဥက္ကဋ္ဌဟောင်း မစ္စတာ မာဇူကီဒါရူစမန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူးဟောင်း ပါမောက္ခယန်ဟီးလီ၊ FFMအဖွဲ့ဝင်ဟောင်း မစ္စတာစီဒိုတီတို့ ပါဝင်ပြီး SAC-Mသည် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ တရားမျှတမှုနှင့် တာဝန်ခံမှုတို့အတွက် မြန်မာပြည်သူလူထု၏ တိုက်ပွဲဝင်မှုကို ပံ့ပိုးကူညီရန် ဖွဲ့စည်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
တွေ့ဆုံမှုတွင် အထက်ပါ ကုလသမဂ္ဂ ထိပ်တန်းအရာရှိဟောင်း ၃ဦးစလုံးနှင့် NUG ယာယီသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးတို့အပါအဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ထားသည်။