ပုသိမ်မြို့က ကုန်ကားတွေကို ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ကစလို့ မြို့ကနေထွက်ခွင့် ပိတ်လိုက်တယ်လို့ ပုသိမ်ကုန်ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ပုသိမ်မြို့ကုန်ကားသမားတယောက်က “အရင်ရက်က ကုန်ကားတွေစစ်တာ တိုးပြီးလုပ်တယ်။ ကုန်ကား အမိုးမအုပ်ဖို့ မှာတယ်။ ဒီနေ့ မနက်က ကုန်ကားတွေချောဆွဲမယ်ကြားပြီးတော့ ရန်ကုန်ဘက်အထွက် ကုန်ကားတွေ ပိတ်လိုက်တာ” လို့ DVB ကိုပြောပါတယ်။
ပုသိမ်မြို့ကနေ ကုန်ကားတွေထွက်ခွင့်ပိတ်လိုက်တာကြောင့် ကုန်စည်ပို့ဆောင်တာတွေ ရပ်တန့်သွားနိုင်တယ်လို့ ဒေသခံတွေကပြောပြီး ရန်ကုန်ဘက်အထွက်ကို ကုန်ကားတွေ ဘာကြောင့်ပိတ်တာ၊ ဘယ်လောက်ကြာကြာပိတ်မယ်ဆိုတာ အခုထိ တိတိကျကျ မသိရသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့ကို AA က ထိုးစစ်ဆင်နေချိန် ဧရာဝတီတိုင်းမှာ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်နေသလို ဒီဇင်ဘာ တတိယပတ်ထဲမှာ လူငယ်တွေကိုပေါ်တာဆွဲတာလည်း ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က ဗေဒါစစ်ဆေးရေးဂိတ်ကို AA က သိမ်းယူထားပြီး စစ်ကောင်စီကတော့ ငါးသိုင်းချောင်းမှာ ခံစစ်ပြင်ဆင်ထားတယ်လို့ ရေကြည်မြို့နယ် ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်တွင် Non CDM ဝန်ထမ်းများ ယူနီဖောင်းဝတ် သွားလာခြင်းမပြုရန် စစ်ကောင်စီ ညွှန်ကြား
စစ်ကောင်စီက ဧရာဝတီတိုင်း၊ ပုသိမ်မြို့က Non CDM ဝန်ထမ်းတွေကို ယူနီဖောင်းဝတ် သွားလာတာ မလုပ်ဖို့ ညွှန်ကြားလိုက်တယ်လို့ စစ်ကောင်စီဝန်ထမ်းတွေနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။
ဧရာဝတီတိုင်းမှာ စစ်ဆင်းရေးစတင်တော့မယ်လို့ တော်လှန်ရေးအဖွဲ့တွေက ကြေညာပြီးနောက် ဒီဇင်ဘာ ၁၈ ရက်က စတင်က Non CDM ဝန်ထမ်းတွေအနေနဲ့ မိမိတို့လုံခြုံရေးနဲ့ မိမိဌာန၊ ရုံးတွေရဲ့ လုံခြုံရေးတွေကိုလည်း အထူးသတိပြုကြဖို့၊ ဌာနဆိုင်ရာတာဝန်တွေ ထမ်းဆောင်ရာမှာလည်း မလိုအပ်တဲ့နေရာတွေကို ဝန်ထမ်းယူနီဖောင်းတွေ ဝတ်ဆင်ခြင်း မပြုကြဖို့၊ လုံခြုံရေးသတိနဲ့ သွားလာနေထိုင်ကြဖို့ ညွှန်ကြားလာတာလို့ ဆိုပါတယ်။
Non CDM ဝန်ထမ်းနဲ့ နီးစပ်သူတယောက်က “မနေ့က ညွှန်ကြားချက်ထွက်လာတာ။ လုံခြုံရေးအခြေအနေကြောင့်လို့ပဲ ပြောတယ်။ ကြောက်တဲ့သူတွေက တော်တော်ကြောက်နေကြတယ်။ စစ်ဖြစ်မယ့် အခြေအနေကိုလေ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲကို ရခိုင်ပြည်နယ်ဘက်မှ အာရက္ခတပ်တော် (AA) နဲ့ PDF တွေ ဝင်ရောက်မှုမရှိစေဖို့ ဆိုပြီး လုံခြုံရေး အဆင့်မြှင့်တင်ပြီး ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မြို့နယ်တွေမှာ ဒီဇင်ဘာလ ဒုတိယပတ်က စတင်ပြီး စစ်ကောင်စီဘက်က လုံခြုံရေး အထူးတင်းကျပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “ဒီရက်ပိုင်းထဲမှာ ဧရာ၀တီတိုင်းလုံခြုံရေး သတိပြုဖို့ အထူးညွှန်ကြားချက်တွေ ထွက်ရှိလာတယ်။ ဂွမြို့နယ်၊ ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ငသိုင်းချောင်း၊ သာပေါင်း၊ ချောင်းသာ၊ ရွှေသောင်ယံ၊ ငရုတ်ကောင်း၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်မှုတွေ လုပ်နေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ဧရာဝတီတိုင်းထဲက ကုန်းလမ်း၊ ရေလမ်း၊ ဂိတ်အဝင်အထွက်တွေကို တင်းကျပ်စွာ စစ်ဆေးဖို့၊ အထူးသဖြင့် လက်နက်ခဲယမ်း သယ်ယူမှုမရှိစေရေးနဲ့ ရခိုင်ဘက်ကို စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေ မရောက်ရှိစေဖို့ တင်းကျပ်စွာ ဆောင်ရွက်ရမယ်လို့ ညွှန်ကြားထားကြောင်း ဆိုပါတယ်။
ဧရာဝတီတိုင်းထဲ စစ်ဆင်ရေးစတင်လုပ်ဖို့အတွက်ဆိုပြီး ဒီဇင်ဘာ ၁၂ ရက်က ဧရာဝတီတိုင်း စစ်ဌာနကို ဖွဲ့စည်းလိုက်ပြီး မဟာမိတ် EROs တွေနဲ့အတူ လက်တွဲပူးပေါင်းကာ ဧရာဝတီမြေ အတွင်း ထိုးဖောက်ဝင်ရောက် တိုက်ပွဲဝင်လျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။