မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကားပေါ်မှ ဆင်းပြေးသည့် စစ်သား ၅ ဦးကို အရှင်ဖမ်းမိ၊ စစ်ကား ၁ စီး မီးလောင်ပြီး ချောက်ထဲထိုးကျ

by

in

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကားပေါ်မှ ဆင်းပြေးသည့် စစ်သား ၅ ဦးကို အရှင်ဖမ်းမိ၊ စစ်ကား ၁ စီး မီးလောင်ပြီး ချောက်ထဲထိုးကျ
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကားပေါ်မှ ဆင်းပြေးသည့် စစ်သား ၅ ဦးကို အရှင်ဖမ်းမိကာ စစ်ကား ၁ စီး မီးလောင်ပြီး ချောက်ထဲထိုးကျသွားကြောင်း မဲမှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မဲမှောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်မှ ထွက်လာသော ဆီဘောက်ဆာ တွဲကားနှင့် စစ်ကားများပါဝင်သည့် ၇၉ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မအူဂိတ် အနီးရှိ မြေနဲရွာနှင့် တံတားဖြူး အကြားတွင် ပဒေသာမိုင်း ၁၇ လုံးဖြင့် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကားပေါ်မှ ဆင်းပြေးသည့် စစ်ကောင်စီတပ်သား ၅ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း ကား ၁ စီး မီးလောင်ပြီး ချောက်ထဲ ထိုးကျသွားကြောင်း သိရှိရသည်။
“တပ်မ ၃၃ က ထွက်လာတဲ့ ခွေးယာဉ်တန်းကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ မုံရွာ-မန္တလေး လမ်းပိုင်း မအူဂိတ် အနီးက မြေနဲရွာနှင့် တံတားဖြူကြားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ ကားပေါ်က ဆင်းပြေးတဲ့ စစ်ခွေး ၅ ကောင်ကို အရှင်မိထားတယ်။ လက်နက်တွေတော့ သိမ်းဆည်းရမိတာမရှိဘူး။ စစ်ခွေး ၅ ကောင်က ကိုယ်လွတ်ရုန်းပြီးတော့ ကားပေါ်က ဆင်းပြေးလာတာ ပြည်သူတွေကို သတိပေးချင်တာကတော့ ခွေးကားတွေရှိရင် ကပ်မလိုက်နဲ့လို့ မေတ္တာရပ်ခံချင်တယ်” ဟုမဲမှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မဲမှောင်က ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကင်းပုန်းများဝပ်၍ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရဲသမ်းပစ်ခတ်နေပြီး ချောက်ထဲကျသွားသော ကားကိုလည်း ပြန်လည် ဆယ်ယူနေကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မဲမှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ Ar Lar Wa Ka တပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင် အမှတ် ၂၉ တပ်ရင်း ဒေါင်းမင်း PDF နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
Photo – အကြမ်းဖက် စစ်တပ်မှ စစ်ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်နေစဉ် (ပုံအဟောင်းဖြစ်သည်)