DSTA သင်တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင်မိန့်ခွန်းပြောနေစဥ် မြူများကျလာ၍ မိန့်ခွန်းရပ်ပြီး ဆင်းပြေး

by

in

DSTA သင်တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင်မိန့်ခွန်းပြောနေစဥ် မြူများကျလာ၍ မိန့်ခွန်းရပ်ပြီး ဆင်းပြေး
ဧရာဝတီတိုင်းမ်

ဒီဇင်ဘာ ၁၃ ရက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် နည်းပညာစစ်တက္ကသိုလ် (DSTA) သင်တန်းဆင်းပွဲပြုလုပ်နေချိန် မြူများရုတ်တရက်ကျဆင်းလာ၍ မိန့်ခွန်းပြောနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ပေါ်မှဆင်းပြေး သွားကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်အစောပိုင်းကပြုလုပ်သည့် နည်းပညာစစ်တက္ကသိုလ်သင်တန်းဆင်းပွဲ၌ စစ်ခေါင်းဆောင် မိန့်ခွန်းပြောကြားနေစဥ် ရုတ်တရက် မြူများထူထပ်စွာကျဆင်းလာသည့်အတွက် မိန့်ခွန်းကို ၃ မိနစ်ခန့်သာပြောပြီး ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြူများကြောင့် တစ်ယောက်နှင့်တစ်ယောက်ပင် မမြင်ရတော့ဘဲ ရုတ်တရက်ကျရောက်လာနိုင်သည့် ရှော့တိုက်ဒုံးနှင့် ဒရုန်းဗုံးအန္တရာယ်များကြောင့် လုံခြုံရေးကို ငဲ့ကွက်ပြီး စစ်ခေါင်းဆောင်က မိန့်ခွန်းအတိုချုံးပြောကာ စင်ပေါ်မှဆင်းခဲ့ရခြင်းဖြစ်သည်ဟု တပ်သတင်းရင်းမြစ်ထံက သိရသည်။
“အဲဒီနေ့က ၁၀ နာရီလောက်မှ နေစထွက်တယ်။ မနက် ပိုင်းမှာ မြူတွေတအားကျလာတာ။ မြူတွေကြောင့် စောင့်ကြည့်ဖို့ လွှတ်ထားတဲ့ ဒရုန်းတွေလည်း မမြင်ရတော့ဘူး။ လုံခြုံရေးကြောင့် မိန့်ခွန်းရပ်လိုက်ရတယ်။ အတိုဆုံးမိန့်ခွန်းပဲ”ဟု စစ်တက္ကသိုလ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့က စစ်တက္ကသိုလ်သင်တန်းဆင်းပွဲများနှင့် နည်းပညာစစ် တက္ကသိုလ် သင်တန်းဆင်းပွဲများကို တောက်လျှောက်တက်ရောက်၍ ပြင်ဦးလွင်တွင် နေထိုင်ရမည်ဖြစ်သော်လည်း ပွဲကျင်းပမည့်ရက်တွင်သာ လျှို့ဝှက်ရောက်ရှိ၍ ပွဲတက်ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်ကDSTA သင်တန်းဆင်းများကို စစ်ရေးစွမ်းရည်ထက်မြတ်စေရန်အတွက် စွမ်းအားရှိသည့် တပ် မတော်နှင့် စွမ်းရည်ရှိသည့်တပ်မတော် တည်ဆောက်ရန် ပြောကြားခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယစစ်ခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ရောက်ရှိသည့် နေရာများကို လက်နက်ကြီး၊ ဒရုန်းဗုံးများနှင့် ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည့်အတွက် ခရီးစဉ်များကို လျှို့ဝှက် သွားရောက်နေရကြောင်း သိရသည်။
ထို့ကြောင့် စစ်ခေါင်းဆောင်သည် ယခုသင်တန်းဆင်းပွဲတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ရှော့တိုက်ဒုံးနှင့် ဒရုန်းဗုံးများကို ကြောက်ရွံ့ပြီး မိန့်ခွန်းကိုပင် အတိုချုံးပြောဆိုကာ စင်ပေါ်မှဆင်းပြေးရသည်အထိ ဖြစ်ခဲ့သည်။
စစ်ခေါင်းဆောင် မိန့်ခွန်းများပြောကြားရာတွင် စစ်တပ် ၏အခန်းကဏ္ဍမဟုတ်သည့် နိုင်ငံအုပ်ချုပ်ရေးကို စွက်ဖက်ကာ နာရီနှင့်ချီကြာ မိန့်ခွန်းများကို ပြောဆိုတတ်သည့် အတွက် ကျန်းမာရေးမကောင်းသည့် စစ်ကောင်စီခန့် ဝန်ကြီးအချို့မှာ ဆေးရုံအတက်ပင်ပြ၍ ရှောင်လွှဲခဲ့ရသည်။
မိန့်ခွန်းကိုရှည်ကြာစွာ ပြောကြားသည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယခု သုံးမိနစ်မိန့် ခွန်းသည် အတိုဆုံးမိန့်ခွန်းဖြစ်ကြောင်း သိရသည်။
#ပြင်ဦးလွင် #နည်းပညာစစ်တက္ကသိုလ် #DSTA #စစ်ခေါင်းဆောင် #၃မိနစ်မိန့်ခွန်း #အတိုချုံး #Ayeyarwaddy_Times