ပခုက္ကူ ရေလာလေးပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်
ပျူစောထီး ခြောက်ယောက်သေဆုံး၊ ခုနစ်ယောက်ကို အရှင်ဖမ်းမိပြီး သေနတ်အမျိုးအစားအစုံ ၁၈ လက်နဲ့ ခဲယမ်း တွေသိမ်းဆည်းရမိ
တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံး
အီသာရမ် / MFP ၊ ဒီဇင်ဘာ-၁၃
မကွေးတိုင်း ပခုက္ကူနယ်အတွင်း စစ်အုပ်စုနဲ့ ပျူစောထီး အင်အား ၄၀ ခန့် အထိုင်ချ တပ်စွဲထားတဲ့ ရေလာလေး ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီးတွေအပါအဝင် လက်နက် ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ်(၈)စစ်ကြောင်း စစ်ကော်မရှင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုနဲ့ပျူစောထီးခြောက်ယောက်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့သလို ပျူစောထီး ခုနစ် ဦးကို လက်ရအရှင်ဖမ်းမိခဲ့ကာ သေနတ်အမျိုးအစားအစုံ ၁၈ လက်နဲ့အတူ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ဆို ပါတယ်။
အလားတူ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရေလာလေးပျူစောထီးစခန်းသိမ်း တိုက်ပွဲဟာ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး စစ်အုပ်စုလေကြောင်းပစ်ကူပေးနေတဲ့ ကြားကပဲ စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းနိုင်ခဲ့တယ်လို့ အမှတ်(၈)စစ်ကြောင်း စစ်ကော် မရှင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ မနက်ခင်းပေါ့လေ ။ ၁၁ ရက်နေ့ မနက်ခင်းမှာ ၆ နာရီ ၇ မိနစ်လောက်မှာ ကျနော်တို့ စတင်တယ်ပေါ့ လေ။ အဲဒီမှာ ၁ နာရီခွဲကြာမြင့်ခဲ့ပါတယ်။ ရန်သူ့လေယာဉ်ပစ်ကူကလည်း လေးကြိမ်တိတိလာပြီးတော့ ပစ်ခတ် တာ မျိုး ရှိတယ်ပေါ့လေ။ အဲဒီကြားထဲမှာမှ ကျနော်တို့ ဝင်သိမ်းတယ်။ နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့ပါတယ်ဗျ” လို့ အမှတ်(၈)စစ်ကြောင်း စစ်ကော်မရှင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်အုပ်စုက လေကြောင်းပစ်ကူအဖြစ် Mi35 နဲ့ ပစ်ကူပေး တာကြောင့် ဒေသခံပြည်သူသုံးဦးနဲ့ ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ပျူစောထီးစခန်းဘန်ကာကို အနီးကပ်ဖြိုခွင်းချိန် ရန်သူရဲ့အနီးကပ် ပစ်ခတ်ခံရတာ ကြောင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)က တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး(ခ)ရဲဘော် ဟိန်းမင်းခန့်နဲ့ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့က ငါးမျိုးကောင်းစစ်သည် ဆုရ ရဲဘော်ကိုထက်တို့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပျူစောထီးစခန်းသိမ်းပြီးနောက် နယ်မြေရှင်းလင်းရာမှာ ၆၀ မမစိန်ပြောင်းတစ်လက် ၊ MA2 တစ်လက် ၊MA3 တစ် လက် ၊ M2 ကာဘိုင် ၁၂ လက် ၊ ရှော့ဂန်းသုံးလက် ၊ ၅ ဒသမ ၅၆ လက်လုပ်တစ်လက် ၊ ကျည်ဘောက် ၁၀ ဘောက်၊ ကျည်မျိုးစုံ ၂၀၀၀ ဝန်းကျင်နဲ့ ရ န်သူ့စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နဲ့ ပြည်သူ့တော် လှန်ရေးတပ်ဦး (PRF) တို့ တပ်ပေါင်းစုညီညွတ်ရေးကိုမျှော်ရည်ကာ စုဖွဲ့တိုက်ပွဲဝင်နေတဲ့ အမှတ်(၈)စစ်ကြောင်းက ဦးဆောင်ပြီး ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက် မြောက်စစ်ဒေသ အထူးတပ်ဖွဲ့ ၊ ပခုက္ကူခရိုင်(Local)တပ်ရင်း ၊ Kamma Revolution Force တို့ ပူပေါင်းတိုက်ခိုက် ခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်။
ရေလာလေးပျူစောထီးစခန်းဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လလောက်ကတည်းက ရေလာလေးကျေးရွာရဲ့အနောက် ဘက်မှာ အထိုင်ချတပ်စွဲနေတာဖြစ်ပြီး အနီးအနားကကျေးရွာတွေကို ဖမ်းဆီး၊ လူသတ်၊ နေအိမ်တွေ မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်တဲ့ ပျူစခန်းဖြစ်တယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက်မှာ ပခုက္ကူတပ်မ ၁၀၁ က စစ်ကူအင်အား ကားရှစ်စီးနဲ့ ထွက်လာပြီး အနီးအ နားက ပျူစောထီးစခန်းတွေကနေတဆင့် ရေလာလေးကျေးရွာ ဘက်ကိုစစ်ကြောင်း ထိုးလာတာကြောင့် အနီးအ နားက ကျေးရွာကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။
#Mandalay_Free_Press_MFP
ရေလာလေးပျူစခန်း စီးနင်းတိုက်ခိုက်မှုမှာ စစ်သား ၆ ယောက် သေ၊ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရ (ရုပ်/သံ)
ဒီဇင်ဘာ ၁၃၊ ၂၀၂၄
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးပျူစခန်းကို ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defence Force အဖွဲ့ထံက သိရပါတယ်။
စခန်းအတွင်းက ဘန်ကာနဲ့ အထိုင်စခန်းတွေကို တိုက်ခိုက်ချေမှုန်းခဲ့ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၆ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ၄ ကြိမ် ဗုံးကြဲပစ်ကူပေးခဲ့တဲ့အတွက် ဒေသခံ ပြည်သူ ၃ ယောက်နဲ့ ပြည်သူ့ရဲဘော် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမှတ်(၈)စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ(SRF)က တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး(ခ)ရဲဘော်ဟိန်းမင်းခန့်နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့က ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက်တို့ ၂ ယောက် တိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို အမှတ်(၈)စစ်ကြောင်း ဦးဆောင်မှုနဲ့ Earthquake peoples defence force၊ အညာမြေတပ်ပေါင်းစု၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့၊ ပခုက္ကူခရိုင်(Local)တပ်ရင်း၊ Kamma Revolution Force တို့ ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
ရေလာလေးပျူစခန်းသိမ်းတိုက်ပွဲအတွင်း ၆၀မမစိန်ပြောင်း(၁)လက်၊ MA2(၁)လက်၊ MA3 (၁)လက်၊ M2 ကာဘိုင် (၁၂)လက်၊ ရှော့ဂန်း(၃)လက်၊ 5.56လက်လုပ်(၁)လက်၊ ကျည်ဘောက် ၁၀ ဘောက်၊ ကျည်မျိုးစုံ နှစ်ထောင်ဝန်းကျင်၊ ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ စစ်သုံပန်း ၇ ယောက်ထက် မနည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။