တောင်ငူလေတပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ပဲခူးတိုင်း တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Mountain Knights – Civilian Defense Force အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီအချိန် တောင်ငူမြို့အခြေစိုက် ၏ ကေတုမဏီ လေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် တောင်ငူလေတပ်စခန်း၏ အရာရှိလိုင်းခန်း ထိခိုက်ခဲ့ကာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ၊ ဒဏ်ရာရသူ ၉ ဦးတွင် ၂ ဦး မှာစိုးရိမ်ရကြောင်း ၊ ထို့ပြင် အဆိုပါ တိုက်ခိုက်မှုကြောင့် ဘားတိုက် ၁ ခု နှင့် ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီခန့်အချိန် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ် ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံးအောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်၏ အပျက်အစီးကို လက်ရှိအချိန်အထိ သတင်းမရရှိသေးကြောင်း သိရှိရသည်။
တောင်ငူ လေတပ်စခန်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်ပြည်သူလူထု အပေါ် ပစ်မှတ်ထားတိုက်ခိုက်နေ သောကြောင့် လေတပ်ပြိုလဲရေးလုပ်ငန်းစဉ်၏ မစ်ရှင်တစ်ခုအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင်တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) က ပဲခူးတိုင်းဒေသကြီး၊ ကရင် ပြည်နယ် မြောက်ဘက်ခြမ်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိ တော်လှန်ရေး အင်အားစုများနှင့် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေကြသည့် စစ်တပ်ကို အဓိက အမိန့်ပေးကွပ်ကဲနေသည့် တိုင်းစစ်ဌာနချုပ်ဖြစ်ကြောင်း၊ တော်လှန်ရေးအရွေ့တစ် ခုဖြစ်ပေါ်စေရန် ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ တိုင်းစစ် ဌာနချုပ်များကို တိုက်ရိုက်တိုက်ခိုက်ခြင်းဖြင့် ထိုပင်မစစ်ဌာနချုပ်နှင့်အတူ ထိုဌာနချုပ်၏ COC အောက် တွင် ရှိသော တပ်များလဲပြို အင်အားချည့်နဲ့ စေရန်ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ MKCDF ACPLF နှင့် သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဒီဇင်ဘာလ ၁၁ ရက်နေ့ ညပိုင်း တောင်ငူလေတပ်စခန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နေစဉ်။