ရန်ကုန် -မန္တလေး အမြန်လမ်းမှာတိုက်ပွဲဖြစ်ပွားခဲ့

by

in

ရန်ကုန် -မန္တလေး အမြန်လမ်းမှာတိုက်ပွဲဖြစ်ပွားခဲ့
ဆိုင်းမင်း/People’s Spring .
.

မန္တလေးတိုင်း ၊နွားထိုးကြီးမြို့နယ်ထဲက ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိတဲ့ အမြန်လမ်း ရဲကင်းစခန်းတိုက်ခိုက်ခံရပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။
အမြန်လမ်းရဲ့ မိုင်တိုင် ၃၁၈ နဲ့ ၃၁၉ ကြား တဇောက်ချောင်းတံတား ရဲကင်းစခန်းကို ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲ ဝန်းကျင်က ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်းနှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာရှိပါတယ်။
” စခန်းကိုအခိုင်မာဆောက်ထားတယ်၊ ရိုးရိုးဂိတ်တော့မဟုတ်ဘူး “လို့ နွားထိုးကြီးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားနေချိန် အမြန်လမ်းမှာသွားလာနေတဲ့ ခရီးသွားကားတွေ ရပ်တန့်ခဲ့ရပြီး ခရီးသည်တွေလည်း လမ်းဘေးက ဘေးလွတ်ရာဆီဆင်းပြေး ရတာရှိခဲ့ပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံလာတဲ့ ရုပ်သံဖိုင်အရ အမြန်လမ်းဘေးက လယ်ကွင်းထဲ ခရီးသည်တွေ ဆင်းပြေးပြီး ပုန်းခိုနေကြရတာတွေ့ရပါတယ်။
စစ်လော်ဘီတယ်လီဂရမ် ချန်နယ်တွေမှာလည်း အမြန်လမ်းက ရဲကင်းတိုက်ခိုက်ခံရတယ်လို့ ဖြန့်ဝေနေကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်က လုံခြုံရေးစခန်းတွေကို ကွန်ကရစ်ဘန်ကာတွေ နဲ့ အခိုင်အမာတည်ဆောက်လာတာတွေ့ရပါတယ်။
အမြန်လမ်းမကြီးလမ်းပိုင်းတစ်နေရာ (ဓာတ်ပုံ – ဝီကီ)