မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းထုတ်လာလျှင် ဗြိတိန်နှင့် ICC အဖွဲ့ဝင် နိုင်ငံများက ဖမ်းဆီးပေးရေး ဗြိတိသျှအမတ် ၆ ဦးက ပါလီမန်တွင် အဆိုတင်

by

in

မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းထုတ်လာလျှင် ဗြိတိန်နှင့် ICC အဖွဲ့ဝင် နိုင်ငံများက ဖမ်းဆီးပေးရေး ဗြိတိသျှအမတ် ၆ ဦးက ပါလီမန်တွင် အဆိုတင်
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုကို ကြိုဆိုပြီး ၀ရမ်းထွက်လာပါက ဗြိတိန်အစိုးရနှင့် ICC အဖွဲ့ဝင်နိုင်ငံများက ဖမ်းဆီးပေးရန် ဗြိတိန်ပါလီမန်တွင် အမတ် ၆ ဦးက အဆိုတင်သွင်းလိုက်ကြောင်း ဗြိတိန်လွှတ်တော်က တရားဝင် သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၉ ရက်နေ့တွင် အဆိုပါ အဆိုကို ဗြိတိန် လွှတ်တော်အမတ် ၆ ဦးဖြစ်သည့် တသီးပုဂ္ဂလ လွှတ်တော်အမတ် Adam Shockat၊ Khan Ayoub၊ Corbyn Jeremy ၊ Mohamed, Iqbal ၊ Democratic Unionist ပါတီ မှ လွှတ်တော်အမတ် Shannon, Jim နှင့် Scottish National ပါတီမှ O’Hara, Brendan တို့က လက်မှတ်ရေးထိုး၍ အဆိုတင်သွင်းလိုက်ခြင်းဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံသည် ICC တရားရုံးအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ကြောင်း သိရှိရသည်။
ဗြိတိန်ပါလီမန်တွင် တင်သွင်းသည့် ယင်းအဆိုတွင် မင်းအောင်လှိုင်ကို နိုင်ငံတကာဥပဒေချိုးဖောက်မှု၊ စစ်ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ် ဖြတ်မှုတို့နှင့် ဆက်စပ်နေသည့် ခိုင်လုံသော သက်သေအထောက်အထားများဖြင့် ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာ ရာဇ၀တ်တရားရုံး၏ တောင်းဆိုမှုကို ကြိုဆိုကြောင်း၊ ဖမ်းဝရမ်းထုတ်လာပါက ဗြိတိန် အပါအဝင် ICC နိုင်ငံများက ၎င်းတို့၏ နယ်မြေအတွင်းသို့ မင်းအောင်လှိုင် ဝင်ရောက်လျှင် ဖမ်းဆီးရန် ၊ဖမ်းဝရမ်းကို လိုက်နာဆောင်ရွက်ရန် ဟူသော အချက်များပါဝင်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရန် ဗြိတိန်ပါလီမန်က ကြိုဆိုသကဲ့သို့ ICC အဖွဲ့ဝင်နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က သုံးသပ်ပြောဆိုသည်။
“မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရှေ့နေချုပ်က လျှောက်ထားပြီးတဲ့နောက်မှာ တရုတ်က တုံ့ပြန်တယ်၊ အခု ဗြိတိန်ပါလီမန်က တုံ့ပြန်တယ်။ တုံ့ပြန်တာချင်းတော့ မတူဘူး။ ဗြိတိန်အမတ်တွေက ကြိုဆိုကြတယ်။ ဖမ်းဝရမ်းထွက်လာပြီးတဲ့နောက် ဗြိတိန်က ICC အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် မင်းအောင်လှိုင်လာရင် ဖမ်းပေးဖို့ တာဝန်ရှိကြောင်းပါ ထည့်သွင်းပြီး သတိပေးထားတယ်။ အခုဗြိတိန်အမတ်တွေ ကြိုဆိုသလို အခြားနိုင်ငံတွေကလည်း ဒါကို ကြိုဆိုဖို့ လိုပါမယ်။ ICC ကတော့ အစ္စရေးလ်ဝန်ကြီးချုပ်ကိုတောင် ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ဖမ်းဝရမ်းထုတ်တယ်ဆိုတော့ မင်းအောင်လှိုင်အတွက်လည်း ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် သူတို့ဝာာဝန်အရ ဖမ်းဝရမ်းထုတ်ဖို့ လုပ်ပါလိမ့်မယ်” ဟု Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က ပြောသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရိုဟင်ဂျာများနှင့်ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုဖြင့် ICC ရှေ့နေချုပ်က ဖမ်း၀ရမ်းထုတ်ပေးရန် ICC တရားရုံးသို့ နိုဝင်ဘာလနှောင်းအတွင်း လျှောက်ထားခဲ့ခြင်းဖြစ်သည်။