တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်လေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီခန့်အချိန် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ် ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံးအောင်မြင်စွာ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရ သည်။
တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) က ပဲခူးတိုင်းဒေသကြီး၊ ကရင် ပြည်နယ် မြောက်ဘက်ခြမ်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိ တော်လှန်ရေး အင်အားစုများနှင့် အပြစ်မယ့်ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေကြသည့် စစ်တပ်ကို အဓိက အမိန့်ပေးကွပ်ကဲနေသည့် တိုင်းစစ်ဌာနချုပ်ဖြစ်ကြောင်း၊ တော်လှန်ရေးအရွေ့တစ် ခုဖြစ်ပေါ်စေရန် ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ တိုင်းစစ် ဌာနချုပ်များကို တိုက်ရိုက်တိုက်ခိုက်ခြင်းဖြင့် ထိုပင်မစစ်ဌာနချုပ်နှင့်အတူ ထိုဌာနချုပ်၏ COC အောက်၌ရှိသော တပ်များလဲပြို အင်အားချည့်နဲ့ စေရန်ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီအချိန် တောင်ငူမြို့အခြေစိုက် ၏ ကေတုမဏီ လေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၊တောင်ငူ လေတပ်စခန်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေ သောကြောင့် လေတပ်ပြိုလဲရေးလုပ်ငန်းစဉ်၏ မစ်ရှင်တစ်ခုအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးတိုက်ခိုက်မှုများကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရှိရသည်။