စစ်ရှုံးနေသည့် မင်းအောင်လှိုင် ပြင်ဦးလွင် စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲ တက်ရောက်မည်၊ စစ်တပ်ပြိုကွဲပျက်စီးနေ၍ မင်းအောင်လှိုင်ကို လဲလှယ်ရန် အမျိုးသားရေးသမားများနှင့်စစ်တပ်ထောက်ခံသူများအကြား တောင်းဆိုနေ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ရှုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဦးလွင်တွင် စစ်နည်းပညာတက္ကသိုလ်ကျောင်းဆင်းပွဲ တက်ရောက်မည်ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ပြင်ဦးလွင်တွင် DSTA ခေါ် စစ်နည်းပညာတက္ကသိုလ်ကျောင်းဆင်းပွဲ ပြုလုပ်ရန် ရှိနေပြီး မူလအစီအစဉ်တွင် မင်းအောင်လှိုင် တက်ရောက်မည်ဟု အစီအစဉ်ရေးဆွဲထားကြောင်း၊ အဆိုပါ ကျောင်းဆင်းပွဲအတွက် လုံခြုံရေး အကြို လေ့ကျင့်ခြင်းနှင့် ကျောင်းဆင်းပွဲ အကြိုလေ့ကျင့်ခြင်းများကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တို့တွင် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“DSTAကျောင်းဆင်းပွဲကို တပ်ချုပ်တက်မယ်။ လုံခြုံရေးတွေလည်း အထူးတင်းကျပ်ထားပါတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။
ရခိုင်ပြည်၊ ကချင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးတွင် အကြမ်းဖက် မင်းအောင်လှိုင်အနေဖြင့် စစ်ရှုံးမှုများ ကြုံတွေ့နေရသော်လည်း အမျိုးသားအားကစားပွဲတော်ကျင်းပခြင်း၊ ပွဲလမ်းအခမ်းအနားတွင် ခပ်ပြုံးပြုံးဖြင့် အေးအေးလူလူ တက်ရောက်နေခြင်းတို့ကြောင့် စစ်တပ်ထောက်ခံသူများ၊ အမျိုးသားရေးအစွန်းရောက်များအကြား မင်းအောင်လှိုင်ကို အခြားတိုက်ရည်ခိုက်ရည်ကောင်းမွန်သော စစ်ခေါင်းဆောင် တစ်ဦးဖြင့် အမြန်ဆုံး လဲလှယ်ရန် တောင်းဆိုမှုများ ဆက်တိုက် ထွက်ပေါ်လျက်ရှိသည်။
စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်းက လက်ရှိ စစ်တပ်က တစ်နိုင်ငံလုံး ကြုံတွေ့နေရသော စစ်ရှုံးမှုများနှင့် စစ်တပ် ပျက်စီးနေခြင်းမှာ စစ်ခေါင်းဆောင်တွင် တာဝန်အပြည့်ရှိကြောင်း၊ အာဏာထိန်းသည်ဟုဆိုကာ အာဏာရယူခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ယမန်နေ့ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။
“တပ်မတော်တစ်ရပ်အနေနဲ့ အရမ်းကို ရှက်ဖို့ကောင်းပါတယ်။ အဘအနေနဲ့ အာဏာထိန်းခဲ့တာ အဘမှာ တာဝန်အပြည့်ရှိပါတယ်။ နခခ ၅ ကျသွားပြီ။ ကျနော် နားတော့မှာပါ။ မယုံရင်ကြည့်နေပါ အမ်းလည်း နောက်၂ ရက်၊ ၃ ရက်နေရင် ကျမှာပါ။ ကျမှာ ကြိမ်းသေတယ်။ ဖလမ်း။ ကျနော်တို့ ကြိုပြီးတော့ အော်ခဲ့တဲ့နေရာတွေအားလုံးက အထက်လူကြီးတွေများ သိကောင်းလေရဲ့လား၊ သိလေရဲ့လား။ ဒီအချိန်ကာလမျိုးမှာ တပ်မတော်က ပေးဆပ်ရတာများသွားပြီ။ တိုင်းပြည်အတွက် နိုင်ငံ့ခေါင်းဆောင်အနေနဲ့ ဘာဆက်လုပ်ပေးမှာလဲ။ ကျဆုံးသွားတဲ့စစ်သည်တွေအတွက်ထားလိုက်တော့။ အာဏာထိန်းတာနဲ့ အဘက်ဘက်က ပျက်စီးသွားတဲ့တိုင်းပြည်အတွက် ဘာလုပ်ပေးမှာလဲ။ ဘာလုပ်ပေးမှာလဲ သိချင်တယ်” ဟု စစ်လော်ဘီ ဇော်ဘုန်းဟိန်းက ပြောဆိုသည်။
အမျိုးသားရေးအစွန်းရောက် မပုတုကလည်း လက်ရှိ အခြေအနေများမှာ စစ်ခေါင်းဆောင်၏ ပျော့ညံ့မှုကြောင့် ဖြစ်ကြောင်း၊ ကြောက်နေတာလား၊ ခြောက်နေတာလားဟု မေးခွန်းထုတ်သည်။
“ဂုဏ်သိက္ခာ နဲ့ အရှက်တရားဆိုတာ ဘာလဲလို့ မေးရတော့မှာ။ မေးပေးဦး၊ ကြောက်နေတာလား၊ ခြောက်နေတာလား လို့” ဟု တယ်လီဂရမ်လူမှုကွန်ရက်တွင် အမျိုးသားရေးအစွန်းရောက် မပုတုက ရေးသားထားသည်။
ရခိုင်ပြည်၊ မောင်တောတွင် ဗိုလ်မှူးချုပ်အဆင့်ရှိ စစ်ခေါင်းဆောင် သူရိန်ထွန်းကို မြေကြီးပေါ်တွင် လက်ပြန်ကြိုးတုပ်၍ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့် မြင်ကွင်းသည် တပ်ထောက်ခံသူများအတွက် အလွန် ဆိုးရွားသော မြင်ကွင်းဖြစ်ကြောင်း၊ တပ်ချုပ်ဆိုသည့်သူမှာ အေးရာအေးကြောင်း ပွဲတက် မပြတ်၍ အလွန်ညံ့ဖျင်းသော စစ်ခေါင်းဆောင်ဖြစ်ကြောင်း အမျိုးသားရေးအစွန်းရောက်တစ်ဦးက ဆိုသည်။
“မြင်ရတာ တကယ်ပါကွာ မြန်မာ့တပ်မတော်မှဟုတ်သေးရဲ့လားကွာ။ ခေတ်အဆက်ဆက် သူပုန်တွေကိုအသေတိုက်လာခဲ့သမျှ ဦးနေ၀င်း၊ ဦးသန်းရွှေ နော်ခေတ်အဆက်ဆက်ပဲ ။ အခုဟာကြီးကကွာ တော်တော်ကိုကြည့်ရဆိုးတယ်။ ကိုယ့်တပ်မတော်သားတွေကို အဲ့လိုမြင်ကွင်းမျိုးမြင်ရတာ ကာချုပ်မဟုတ်တဲ့ငါတောင်မှ ရခိုင်တပြည်လုံးကိုပြာချပစ်ချင်နေပြီ။ ကာချုပ်ကတော့အေးရာအေးကြောင်းပဲလား။ ဘာလဲတော့မပြောတတ်ဘူး။ သူ့အကြောင်းလဲ ဒီလောက်မသိဘူး။ ငါသိတာတစ်ခုကတော့ ဒီစစ်ခေါင်းဆောင်ဟာသမိုင်းမှာအညံ့ဆုံး အဖျင်းဆုံး ခေါင်းဆောင်အဖြစ်ကျန်ရစ်တော့မှာကိုပဲ” ဟု အမျိုးသားရေးအစွန်း ရောက် စစ်တပ်ထောက်ခံသော “စစ်သတင်း” အမည်ရ တယ်လီဂရန်ချန်နယ်က သုံးသပ်ရေးသားထားသည်။
ထို့ပြင် စစ်တပ်ထောက်ခံသော တယ်လီဂရန်ချန်နယ် Admin တစ်ဦးကလည်း မင်းအောင်လှိုင်သည် ပွဲတက်၍ လက်အောက် ငယ်သားများကို ပြန်လမ်း မရှိသည့် သေလမ်းကို လျှောက်ခိုင်းနေကြောင်း ပြောဆိုထားသည်။
“ဘုရင့်နောင်ဟာ တစ်ဖက်ကမ်းကရန်သူကိုတိုက်ဖို သူ့လူတွေကိုဖောင်ဖျက်ခိုင်းတဲ့အချိန်မှာ သူကိုယ်တိုင်လည်း ဒီဖက်ကမ်းမှာ ကျန်ခဲ့တာမဟုတ် ဘူး ။ဘုရင့်နောင်ဖောင်ဖျက်ဆိုတဲ့စိတ်ဓာတ်ပေါ်ပေါက်လာရခြင်းရဲ့အရင်းခံက ဘုရင့်နောင်ဆိုတဲ့ခေါင်းဆောင်ကိုယ်တိုင်ကြောင့်ပဲ ။ သူကိုယ်တိုင်က ပွဲလမ်းသဘင်တွေကျင်းပပြီး သူ့လူတွေကို ပြန်လမ်းမရှိတဲ့လမ်းကိုလျှောက်ခိုင်းမှာမဟုတ်ဘူး” ဟု စစ်တပ်ထောက်ခံသော တယ်လီဂရန်ချန်နယ် Admin တစ်ဦးက ဆိုသည်။
ယခုဒီဇင်ဘာလအတွင်း ရခိုင်ပြည်တွင် မောင်တောမြို့နယ်တစ်ခုလုံးကို လက် လွှတ်လိုက်ရပြီး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်ခေါင်းဆောင်များ ဖမ်း ဆီးခံရခြင်း၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပိတ်ဆို့ တိုက်ခိုက်ခံနေရခြင်း၊ ကချင်ပြည်နယ်တွင် ဗန်းမော်နှင့်မံစီမြို့တို့ကို KIA က တိုက်ခိုက်သိမ်းပိုက်နေခြင်းတို့ကြောင့် မင်းအောင်လှိုင်ကို ရသည့်နည်းဖြင့် ဖယ်ရှားရန် တောင်းဆိုမှုများ တပ်အသိုင်းအဝိုင်းနှင့် မဘသအမျိုးသားရေး အသိုင်းအ၀ိုင်းတွင် ဆက် တိုက် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဒီဇင်ဘာလ ၉ ရက်နေ့ အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်ကို ဖွင့်လှစ်စဉ် အလံဝှေ့ရမ်း ပျော်မြူးနေသည့် မင်းအောင်လှိုင်နှင့် ကြူကြူလှ