ဖာပွန်က စခန်းနှစ်ခုကို KNU ဆက်လက်သိမ်းယူ

by

in

ဖာပွန်က စခန်းနှစ်ခုကို KNU ဆက်လက်သိမ်းယူ
နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ် ၊ဖာပွန် – ကမမောင်း ကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ ဆင်စွယ်စခန်းနဲ့တောင်သုံးလုံးစခန်း တွေကို KNU တပ်မဟာ (၅) ပူးပေါင်းတပ်က သိမ်းယူလိုက်ပြီလို့ တပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဒီနေ့ ဒီဇင်ဘာလ ၁၁ ရက်မှာ အတည်ပြုပါတယ်။
ကတိုင်တိဒေသမှာ ရှိတဲ့ ဆင်စွယ်စခန်းနဲ့ တောင်သုံးလုံးစခန်း ကို ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာလ ၇ ရက်နဲ့ ဒီဇင်ဘာလ ၁၀ ရက်တို့မှာ KNU က သိမ်းယူခဲ့တာပါ။
စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းအချို့လည်းသိမ်းဆည်းရမိတယ်လို့သိရပါတယ်။
ဖာပွန်ခရိုင်ထဲက ဆယ်စုနှစ်နဲ့ချီပြီး နေရာယူတပ်စွဲထားတဲ့စစ်တပ်စခန်းတွေဖြစ်တဲ့ ကူးဆိပ် ၊ မထောတပ်စခန်း တွေကို သိမ်းပြီးနောက် အဲဒီစခန်းတွေကို အောက်ဘက်မှာရှိတဲ့ တောင်သုံးလုံးနဲ့ဆင်စွယ်စခန်းတွေကိုKNU က ဆက်လက် တိုက်ခိုက်သိမ်းယူခဲ့တာပါ။
KNU က သိမ်းယူလိုက်တဲ့ တောင်သုံးလုံး ၊ ဆင်စွယ်စခန်းတွေက ဖာပွန် – ကမမောင်း ကားလမ်းကိုစိုးမိုးထားတဲ့ စခန်းတွေ ဖြစ်ပါတယ်။
အဲဒီကားလမ်းကိုသုံးပြီး ဖာပွန်ဆီ စစ်ကောင်စီတပ်က ကမမောင်း ဒေသကနေ စစ်ကူတက်ရာမှာ သုံးလေ့ ရှိတယ်လို့သိရပါတယ်။
ဖာပွန်မြို့ကိုတော့ KNU တပ်မဟာ (၅) က ထိန်းချုပ်ထားပြီး ဖာပွန်မြို့ပြင်က အခြေချ စစ်ဗျုဟာကိုလည်း လနဲ့ချီ ပြီး ဝန်းရံပိတ်ဆို့ထားပါတယ်။
KNU ရဲ့ ပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်က မြေပြင်ကနေ ဖာပွန်ဆီ စစ်ကူပို့ဖို့ ခက်ခဲလာသလို ၊ ရိက္ခာ ၊ ခဲယမ်းတွေကိုလည်း လေကြောင်းကနေ ချပေးနေရတဲ့အခြေအနေဖြစ်နေတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောထားပါတယ်။