သင်္ဃန်းကျွန်းမြို့နယ်မှ စစ်မှုထမ်း အပတ်စဉ် ၃ သင်တန်းဆင်း အသက် ၂၇ နှစ်အရွယ် တပ်သားသစ်ကိုဖေရို့စ် ရွှေကျင်တိုက်ပွဲတွင် သေဆုံး၊ အစ္စလမ်ထုံးတမ်းအစဉ်အလာနှင့်အညီ သဂြိုလ်ရန် အလောင်းပြန်တောင်းသော်လည်း စစ်တပ်က မပေးဘဲ အလောင်းကိုဖျောက်ဖျက်

by

in

သင်္ဃန်းကျွန်းမြို့နယ်မှ စစ်မှုထမ်း အပတ်စဉ် ၃ သင်တန်းဆင်း အသက် ၂၇ နှစ်အရွယ် တပ်သားသစ်ကိုဖေရို့စ် ရွှေကျင်တိုက်ပွဲတွင် သေဆုံး၊ အစ္စလမ်ထုံးတမ်းအစဉ်အလာနှင့်အညီ သဂြိုလ်ရန် အလောင်းပြန်တောင်းသော်လည်း စစ်တပ်က မပေးဘဲ အလောင်းကိုဖျောက်ဖျက်
ရန်ကုန်၊ ဒီဇင်ဘာ ၉
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှ စစ်မှုထမ်း အပတ်စဉ် ၃ သင်တန်းဆင်း အသက် ၂၇ နှစ်အရွယ် တပ်သားသစ်ကိုဖေရို့စ်သည် ပဲခူးတိုင်း၊ ရွှေကျင်တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ပြီး အစ္စလမ်ထုံးတမ်းအစဉ်အလာနှင့်အညီ သဂြိုလ်ရန် အလောင်းပြန်တောင်းသော်လည်း စစ်တပ်က မပေးဘဲ အလောင်းကိုဖျောက်ဖျက်လိုက်ကြောင်း ကျန်ရစ်သူမိသားစုနှင့် ရင်းနှီးသော မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သင်္ကန်းကျွန်းမြို့နယ်၊ က ရပ်ကွက်၊ ၄ လမ်းတွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် ကိုဖေရို့စ်ကို ဇူလိုင်လအတွင်း စစ်မှုထမ်း အပတ်စဉ် ၃ တက်ရန် အလှည့်ကျသည်ဟုဆိုကာ စစ်တပ်ထဲသို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ပို့ဆောင်လိုက်ကြောင်း၊ ယင်းနောက် စစ်သင်တန်းဆင်းပြီးနောက် ပဲခူးတိုင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ခံရကြောင်း၊ နိုဝင်ဘာလအတွင်း ပဲခူးတိုင်း ရွှေကျင်တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း၊ ထိုသို့ သေဆုံးသည်ကို သိရှိရသည်နှင့် မိသားစုက ပဲခူးတိုင်း၊ ရွှေကျင်အထိ လိုက်သွားသော်လည်း စစ်တပ်က အလောင်းပြန်မပေးကြောင်း၊ အစ္စလမ်ဘာသာဝင်ဖြစ်၍ အစ္စလမ်ဘာသာဝင် ထုံးတမ်းစဉ်လာနှင့်အညီ အလောင်းကို သဂြိုလ်သော်လည်း စစ်တပ်က အလောင်းကို ၎င်းတို့ဘာသာ သဂြိုလ်ပြီး ဖျောက်ဖျက်ခဲ့ကြောင်း သိရှီရသည်။
“ရွှေကျင်ဘက်မှာ တိုက်ပွဲကျသွားတယ်လို့ စစ်တပ်က အိမ်ကိုအကြောင်းကြားတယ်။ အိမ်ကလိုက်သွားတာ အလောင်းတောင်ကြည့်ခွင့်မပေးဘူး။ ပြန်လာလိုက်ရတယ်။ သူကမွတ်စလင်ဆိုတော့ အစ္စလမ်ထုံးတမ်းနဲ့ သဂြိုလ်ဖို့ အလောင်းသွားပြန်တောင်းတာ စစ်တပ်က မပေးပါဘူး ။ ကိုဖေရို့စ်မှာ လူမမယ်သမီးလေးတယောက်နဲ့ ဇနီးကျန်ခဲ့ပါတယ်” ဟု ကျန်ရစ်သူမိသားစု၏ မိတ်ဆွေက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များကို စတင်ခေါ်ယူချိန်က ရှေ့တန်းပို့မည်မဟုတ်ဘဲ မိမိ၏ ရပ်ရွာများတွင်သာ လုံခြုံရေးဆောင်ရွက်ရမည်ဟု တရားဝင် သတင်းထုတ်ပြန်ခဲ့သော်လည်း လက်တွေ့တွင်မူ သင်တန်းဆင်း တပ်သားသစ်များအားလုံးကို တိုက်ပွဲဖြစ်ပွားနေသော ရှေ့တန်းစစ်မျက်နှာပြင်များသို့ ပို့ဆောင်နေသဖြင့် အများစုသော သင်တန်းဆင်း တပ်သားသစ်များ တိုက်ပွဲများအတွင်း သေဆုံးနေကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- သင်္ဃန်းကျွန်းမှ စစ်မှုထမ်းအပတ်စဉ် ၃ သင်တန်းဆင်း တပ်သားသစ် ကိုဖေရို့စ် မသေဆုံးမီ မြင်တွေ့ရစဉ်။