မောင်တောမြို့နယ်ရှိ စစ်တပ်၏ နောက်ဆုံး လက်ကျန်စခန်း နခခ ၅ ကို AA က သိမ်းပိုက်လိုက်ပြီး စကခ ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ထွက်ပြေးသွားပြီဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၈
ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်တပ်၏ နောက်ဆုံး လက်ကျန်စခန်း အမှတ်-၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“နခခ ၅ က ရသွားပါပြီ။ မောင်တော ရပြီ။ မြစ်၀မှာ နခခ ၅ က ပြေးတဲ့ အရာရှိတွေကို အာဆာတွေက လာကယ်ထုတ်လို့ တိုက်ပွဲဖြစ်တယ်။ နခခ ၅ ကို အစကတည်းက ပိတ်ဆို့ထားတာပါ။ နခခ ၅ က တဖြည်းဖြည်းနဲ့ ပိတ်ဆို့ထားခဲ့လို့ အာ့ကြောင့်ကြာနေတာ” ဟု AA ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက AA စစ်ရုံးချုပ်နှင့်နီးစပ်သော သတင်းရင်းမြစ်ကို နခခ ၅ သိမ်းပိုက်ရရှိသည့် သတင်းနှင့်ပတ်သက်၍ အတည်ပြုရန် ကြိုးစားသော်လည်း အဆက်အသွယ်မရရှိသဖြင့် အတည်ပြုနိုင်ခြင်းမရှိသည့်အပြင် AA ကလည်း နခခ ၅ သိမ်းပိုက်ရရှိမှု သတင်းနှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ခြင်းမရှိသေးသဖြင့် အတည်ပြုရန် ခက်ခဲနေသည်။
ယနေ့တွင် နခခ ၅ မှ စစ်တပ်ဘက်တော်သား စစ်သည်များ ပိတ်ဆို့ခံရ၍ အကူအညီတောင်းနေသည့် ရုပ်သံ ဗီဒီယို ၂ ခု ထွက်ပေါ်လာပြီး အဆိုပါ ရုပ်သံတွင် စစ်သားများမှာ အကူအညီမဲ့ဖြစ်နေကာ ငိုယို အကူအညီတောင်းခံနေကြကာ အမှတ် ၁၅ နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ထွက်ပြေးသွားပြီဖြစ်ကြောင်း စစ်သည်များက ပြောဆိုနေကြသည်။
” နခခခ၅ ကနေ ပြေးတဲ့ အရာရှိတွေကို အာဆာက လာကယ်လို့ တိုက်ပွဲဖြစ်တယ်ဆိုတာ သိပေမယ့် ဘယ်သူတွေ ပြေးတယ်ဆိုတာမျိုးတော့ အတိအကျကြီးတော့ မသိဘူး” ဟု AA သတင်းရင်းမြစ်က ဆိုသည်။
လက်ရှိတွင် AA က အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိပြီး AA အနေဖြင့် မောင်တောမြို့နယ်ကို သိမ်းပိုက်ရရှိပါက မြို့နယ်ပေါင်း ၁၃ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိမည်ဖြစ်သည်။
ဓာတ်ပုံ- အမှတ် ၁၅ နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ။